ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ကုမုဒြာကြာပင် ဆေးဖက်ဝင်အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။
ကုမုဒြာကြာပင်ကို သိပ္ပံလို Nymphaea လို့ ခေါ်ပြီး အင်္ဂလိပ်လို Water Lily လို့ ခေါ်ပါတယ်။
ကုမုဒြာကြာပင်မှာ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အမျှင်ဓာတ်၊ ဖက်တီးအက်ဆစ်၊ ဗီတာမင်စီ၊ အမိုင်နိုအက်ဆစ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ် စတဲ့ အာဟာရသတ္တုဓာတ်များနဲ့ polyphenol, flavonoid, sterol, alkaloid, saponin, tannin, nymphasterol နဲ့ nymphayol စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများ ပါဝင်ပြီး ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ဓာတ်တိုးဆန့်ကျင်ခြင်း၊ ဆီးချိုရောဂါ တိုက်ဖျက်ခြင်း၊ အကိုက်အခဲပျောက်ဆေး/ပိုးသတ်ဆေး အာနိသင်ပါဝင်ခြင်း၊ ကပ်ပါးပိုးကို ဆန့်ကျင်ခြင်း၊ အသည်းကိုကာကွယ်ပေးခြင်း၊ အနာကျက်စေခြင်း၊ အဖျားကျစေခြင်း စတဲ့ အာနိသင်ရှိပါတယ်။
ဆေးဘက်ဆိုင်ရာမှာ ကုမုဒြာကြာပင်ရဲ့ ပင်စည်၊ အသီးနဲ့ အမြစ် တို့ကို သုံးစွဲကြပါတယ်။
ကုမုဒြာကြာပင်ဟာ ခန္ဓာကိုယ်အတွင်းရှိ အင်ဆူလင်ပမာဏကို တည်ငြိမ်စေပြီး သွေးတွင်း သကြားဓာတ် အတက်အကျကို ကာကွယ်ပေးတာကြောင့် ဆီးချိုရောဂါဝေဒနာရှင်များ ကြာရိုးသတ္တုရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို သွေးတွင်းသကြားဓာတ်ပမာဏ အနိမ့်အမြင့်ပေါ် မူတည်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
အသည်းကျန်းမာရေးကို မြှင့်တင်ပေးပြီး အသည်းပျက်စီးခြင်းမှ ကာကွယ်နိုင်တာကြောင့် အသည်းရောင်ရောဂါ၊ အသည်းအဆီဖုံးခြင်းနဲ့ အသည်းခြောက်ခြင်းများမှာ ကြာရိုးပြုတ်ရည် တခါသောက် ရေနွေးကြမ်း ၁ ခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
ကုမုဒြာကြာသီးမှာ ဇင့်နဲ့ ဗီတာမင်စီ အပါအဝင် သတ္တုဓာတ်များ ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားကို တိုးတက်စေပြီး ရောဂါပိုးများကို တိုက်ဖျက်ရာမှာ ကူညီပေးပါတယ်။
ကုမုဒြာကြာသီးမှာ ပိုတက်စီယမ် ကြွယ်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သွေးပေါင်ချိန် ထိန်းသိမ်းပေးတာကြောင့် အစားအစာများမှာ ကြာသီးအသင့်အတင့် ထည့်သွင်း စားသုံးခြင်းက သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။
ကုမုဒြာကြာသီးဟာ အမျှင်ဓာတ်နဲ့ ပိုတက်စီယမ် ပါဝင်တာကြောင့် သွေးတွင်း မကောင်းတဲ့အဆီကို လျော့ကျစေပြီး သွေးစီးဆင်းမှုကို ကောင်းမွန်စေကာ လေဖြတ်ခြင်းနဲ့ နှလုံးရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
ကုမုဒြာကြာသီးဟာ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး ဝမ်းမှန်စေကာ အစာခြေကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
ကြာသီးဟာ အဆီနဲ့ ကယ်လိုရီ နည်းပါးတာကြောင့် ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းလိုသူများနဲ့ ကိုယ်အလေးချိန် လျှော့ချလိုသူများအတွက် ကြာသီးစားသောက်ခြင်းက အကျိုးရှိစေပါတယ်။
ကြာရိုးဟင်းခါး စားသောက်ပေးခြင်းဟာ နို့တိုက်မိခင်များအတွက် နို့ထွက်နှုန်းကို တိုးစေပါတယ်။
ကြာပင်မှာ စိတ်တည်ငြိမ်စေတဲ့ အာနိသင် ပါဝင်တာကြောင့် အိပ်ပျော်ရန်ခက်ခဲခြင်း၊ အိပ်မပျော်ခြင်းများအတွက် ကြာရိုးသတ္တုရည် ကော်ဖီ ၂ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ ညအိပ်ရာဝင်ချိန် သောက်ပေးခြင်းဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။
ကြာပင်မှာ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ အာနိသင်ရှိတာကြောင့် အဆစ်အမြစ် ရောင်ရမ်းနာကျင် ကိုက်ခဲခြင်းများအတွက် ကြာရိုးပြုတ်ရည် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ ရောစပ်ပြီး တနေ့ ၂ ကြိမ် သောက်ပေးကာ ကြာရွက်ကို ထုထောင်းပြီး ရောင်ရမ်းတဲ့နေရာမှာ အုံပြီး စည်းပေးထားနိုင်ပါတယ်။
ချောင်းဆိုးခြင်းနဲ့ လည်ချောင်းနာခြင်း စတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများမှာ ကြာရိုးပြုတ်ရည် ရေနွေးကြမ်းပန်းကန်တဝက်ကို ချင်းမှုန့် ကော်ဖီဇွန်းဝက်ထည့်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
ကြာသီးမှုန့် ကော်ဖီ ၁ ဇွန်းကို နွားနို့ ၁ ခွက်နဲ့ ညအိပ်ချိန် သောက်သုံးပေးတာက လိင်စိတ်ဆန္ဒနဲ့ စွမ်းဆောင်ရည်ကို မြင့်တက်စေပါတယ်။
ကျောက်ကပ်ကျောက်တည်ခြင်းနဲ့ သည်းခြေကျောက်တည်ခြင်းများအတွက် ကြာရိုးပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
လိပ်ခေါင်းရောဂါမှာ ကြာရိုးကို ချက်ပြုတ်စားသောက်ခြင်းက ဝမ်းသွားရ လွယ်ကူစေပြီး ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။
ကုမုဒြာကြာပင်ကို အသင့်အတင့် စားသောက်ခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ ကြာစေ့များကို စားသောက်ခြင်းက အချို့ ဓာတ်မတည့်သူများမှာ ဝမ်းချုပ်ခြင်း၊ ဝမ်းဖောခြင်း၊ ဝမ်းဗိုက်နာခြင်း၊ လေထိုးခြင်း စတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်စေနိုင်ပါတယ်။ ကြာသီးနဲ့ ဓာတ်မတည့်သူများ ကြာပင်ထွက်ပစ္စည်းများကို ရှောင်ကြဉ်သင့်ပါတယ်။
နွေဦးပြည်သူများ ကုမုဒြာကြာပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။