
ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ အပြည်ပြည်ဆိုင်ရာလေဆိပ် ဧရိယာအတွင်းမှာ ဖမ်းဆီးထားတဲ့ ဆိုင်ကယ်တွေကို ယာဉ်ထိန်းဌာန၊ လေဆိပ်ရဲတပ်ဖွဲ့ဝင်တွေက မှောင်ခိုထုတ်ရောင်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဆိုင်ကယ်ဖမ်းအဖွဲ့တွေထဲမှာ အမှတ် ၅၀၂ လေတပ်စခန်းက စစ်ကောင်စီအဖွဲ့ဝင်တွေ အပါအဝင် လေဆိပ်လုံခြုံရေးရဲတပ်ဖွဲ့နဲ့ ယာဉ်ထိန်းရဲတွေ ပါဝင်ပြီး ဖမ်းဆီးဆိုင်ကယ်တွေကို ကားလေးကွင်းအနီးက တပ်ဝင်းထဲမှာ သိမ်းဆည်းထားကြပါတယ်။
ဖမ်းဆီးချိန်ကတည်းက ပြန်လာမရွေးဖို့ ဆိုင်ကယ်ဖမ်းအဖွဲ့က မှာထားတာဖြစ်ပြီး အဆိုပါတပ်ဝင်းထဲက ရာနဲ့ချီတဲ့ ဆိုင်ကယ်တွေရဲ့ ပိုင်ရှင်တွေဟာ ပုဂ္ဂလိကလေကြောင်းလိုင်းက လေဆိပ်ဝန်ထမ်းတွေ အများစုဖြစ်ကြပါတယ်။
မြို့ခံတယောက်က “ဖမ်းထားတာ တော်တော်များတယ်။ CZI 125 ဘီး၊ 110 ဘီး၊ ကလစ်ဘီး အစုံပဲ။ ဆိုင်ကယ်တွေက ကာဘာတွေ ကျိုး၊ ဂွေတွေခွေ၊ လေတွေလျော့နေတာ။ သူတို့ ဖမ်းထားတဲ့ထဲက နည်းနည်းကောင်းတာတွေဆို တခါတည်း သပ်သပ်ဖယ်ထားတာ။ သူတို့က လည်တယ်၊ တခါတည်း အကုန်မရောင်းဘူး။ သက်သေခံပစ္စည်းဆိုတော့ လျော့သွားရင် သူတို့ ပြုတ်မှာစိုးလို့။ လကုန်ခါနီးဆိုမှ ဖယ်ထားတဲ့အထဲက ၄၊ ၅၊ ၁၀ စီးလောက် ထုတ်ရောင်းတာ သူခိုးဈေးနဲ့။ အများဆုံးဝယ်ကြတာက ကြံခင်းဘောလုံးကွင်းက ပွဲစားတွေ” လို့ ပြောပါတယ်။
အရပ်သားတွေ စီးနင်းနေတဲ့ ဆိုင်ကယ်တွေကို ပြန်မပေးဘဲ ဖမ်းဆီးသိမ်းဆည်းသွားပေမဲ့ ဖမ်းဆီးခံဆိုင်ကယ်တွေကို လေဆိပ်ရဲတပ်ဖွဲ့ဝင်တွေ ကိုယ်တိုင် စီးနင်းခွင့်ရှိနေသလို လေတပ်ဝန်းထဲက တပ်မိသားစုဝင်တွေ စီးနင်းချိန်လည်း အရေးယူတာမျိုး မရှိပါဘူး။
လေဆိပ်ဧရိယာအတွင်းနဲ့ လေဆိပ်ပတ်လမ်းတွေမှာ ၂၀၂၂ ခုနှစ်ဆန်းလောက်မှ ဆိုင်ကယ်ဖမ်းဆီးမှုတွေ ရှိလာပေမဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာတော့ အင်ဂျင်ဘီးတွေအပြင် လျှပ်စစ်ဆိုင်ကယ်၊ လျှပ်စစ်စက်ဘီးတွေကိုပါ ဖမ်းဆီးနေခဲ့တာ ဖြစ်ပါတယ်။