Home
မြန်မာသတင်း
မင်္ဂလာဒုံတွင် စစ်ကောင်စီလေတပ်  Jammer ကြောင့် ဖုန်းလိုင်းပြတ်တောက်နေ
DVB
·
January 16, 2025

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်က စစ်ကောင်စီ အမှတ် ၅၀၂ မင်္ဂလာဒုံလေတပ်စခန်းနဲ့ ထိစပ်မြို့နယ်တွေရှိ လူနေရပ်ကွက်တွေမှာ ဇန်နဝါရီလဆန်းကစလို့ စစ်ကောင်စီလေတပ်က တပ်ဆင်ထားတဲ့  Jammer တွေကြောင့် ဖုန်းလိုင်းပြတ်တောက်မှုတွေ မကြာခဏ ဖြစ်ပေါ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဖုန်းဆက်သွယ်ရေးတာဝါတိုင်တွေကို လေတပ်စခန်းအနီးက ပိုလိုဂျက်ကွင်းထဲမှာ တည်ဆောက်ထားတာဖြစ်ပြီး ထိစပ်မြို့နယ်တွေဖြစ်တဲ့ မင်္ဂလာဒုံနဲ့ မြောက်ဥက္ကလာပမြို့နယ်တို့က ရပ်ကွက် ၄ ခုမှာ သိသိသာသာ ဖြစ်ပေါ်နေတာပါ။

မင်္ဂလာဒုံမြို့ခံတယောက်က “ သံပြားပေါက်ဂိတ်မှာ ကင်းတဲရှိတယ်။ ကန့်သတ်ဇုန် ဒရုန်းမပျံသန်းရ၊ လူမဖြတ်သန်းရတို့ ရေးထားတယ်။ ဒီဘက်ဆို ကြံခင်းစုကိုမှ လေဆိပ်လမ်းတောက်လျှောက်ပဲ မမိတာ။ ဖြစ်တာက နည်းနည်းကြာနေပြီ။ ဒီရက်ပိုင်း ပိုဆိုးလာတာ။ မနေ့ည ၁၀ နာရီလောက်ကတည်းက မီးလည်း ပြတ်၊ ဖုန်းလိုင်းတွေ ဘာမှ မရဘူး အခုမနက်အထိ။ ကြံခင်းစုတောင်မှ ဘောလုံးကွင်းဘက်ဆို တိုင်က တက်သေးတယ်”လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ည ၁၀ နာရီလောက်ကတည်းက လျှပ်စစ်မီး ရုတ်တရက်ဖြတ်တောက်ထားသလို ဖုန်းလိုင်းတွေပါ ပျောက်နေခဲ့ပြီး စစ်ကောင်စီ မီးတန်းယာဉ်တွေ လေဆိပ်ဝန်းထဲ ဝင်ရောက်သွားသလို လုံခြုံရေးအပြည့်ယူထားကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ၅၀၂ လေတပ်ဝင်ပေါက် ၂ အနီးက အနန်းပင်ရပ်ကွက်ထဲမှာလည်း လက်နက်ကိုင် ရဲတွေပါဝင်တဲ့ ရပ်ကွက်ရုံးအဖွဲ့က ဧည့်စာရင်းဝင်စစ်ဆေးမှုတွေ ရှိခဲ့ပြီး လေဆိပ်အဝင်အထွက်ဂိ တ်တွေမှာ ရဲအင်အားတိုးချဲ့ချထားသလို တင်းကျပ် စစ်ဆေး‌နေကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013