ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပလရ အပိုင် အေးသာယာရပ်ကွက်ထဲ ဧည့်စာရင်းနဲ့ နေထိုင်သူ ၅ ယောက်ကို စစ်မှုထမ်းဖို့ နာမည်စာရင်းနဲ့ လာရောက် ခေါ်ယူနေတယ်လို့ ရပ်ကွက်အနီးအနားက ပြည်သူတွေဆီက သိရပါတယ်။
ရာအိမ်မှူးတွေက ဦးဆောင်ပြီး နာမည်စာရင်း အတိအကျနဲ့ လာရောက် ခေါ်ယူတာလို့ ဒေသခံတယောက်က ပြောပါတယ်။
“အသက် ၁၈ ကနေ ၃၆ အထိဆိုပြီး ယောက်ျားလေး ၅ ယောက်ကို ရာအိမ်မှူးတွေက နာမည်စာရင်းနဲ့ လာခေါ်တာ။ အကုန်လုံးက ဧည့်စာရင်းနဲ့ နေတဲ့သူတွေချည်းပဲ။ ၃ ယောက်က အိမ်ထောင်သည်၊ လသားအရွယ် ကလေးတွေရှိကြတယ်။ ၂ ယောက်ကတော့ လူပျို၊ မိဘကို ဆိုင်ကယ်ကယ်ရီဆွဲပြီး ရှာကျွေးနေကြတာ။”
အခုတခါက ဒုတိယအကြိမ်ဖြစ်ပြီး စစ်မှုထမ်းစာရင်းထဲ နာမည်ပါသူတွေ ကြိုတင်သိရှိပြီး အကုန်ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။ ပထမတကြိမ် စစ်မှုထမ်းဖို့ရပ်ကွက်ထဲက အိမ်ခြေရာမဲ့ နဲ့ အရပ်သမားတွေကိုပဲ ခေါ်သွားလို့ ရပ်ကွက်နေသူတွေ မသိလိုက်တာလို့ ဆိုပါတယ်။
“အရင်တခေါက်က လူသိပ်မသိဘဲ ခေါ်တာ။ အခုက ပေါ်တင် လမ်းထဲ စာရင်းနဲ့ခေါ်တာ။ ပြီးတော့ နောက်ထပ် အိမ်ငှားတွေကိုလည်း စာရင်းလာပေးခိုင်းတယ်၊ နောက်တသုတ်ခေါ်ဖို့ထင်တယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။
စစ်ကောင်စီက အမှတ်စဉ် ၆အတွက် စစ်မှုထမ်းဖို့ တပ်သားသစ်တွေ စုဆောင်းနေတာဖြစ်ပြီး အမှတ်စဉ် ၁ ကနေ လက်ရှိအချိန်ထိ တပ်သားသစ် စုစုပေါင်း ၂ သောင်းကျော်နဲ့ သေဆုံးတဲ့ သင်တန်းသားအသစ်တွေရှိတယ်လို့ ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေး BACS က ထုတ်ပြန်ထားပါတယ်။