Home
မြန်မာသတင်း
ကျားဖြန့်လုပ်ငန်းများ ကြီးထွားလာမှု တရားခံ စစ်ကောင်စီဖြစ်ဟု  KNU ပြော
DVB
·
January 21, 2025

မြန်မာနိုင်ငံမှာ ကျားဖြန့်လုပ်ငန်းတွေ ပျံ့နှံ့နေပြီး အဲဒီလုပ်ငန်းတွေ အင်အားကြီးထွားလာမှု တရားခံဟာ စစ်ကောင်စီသာဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက DVB ကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၄ နှစ်တာကာလအတွင်း ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ပဋိပက္ခအပေါ် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေရဲ့ အမြတ်ထုတ်မှုတွေကြောင့် လူကုန်ကူးမှု၊ အလွဲသုံးစားလုပ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ လူသတ်မှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှုနဲ့ ဆိုက်ဘာလိမ်လည်မှုတွေ သိသိသာသာ များပြားလာတဲ့ အဓိကတရားခံဟာ စစ်ကောင်စီသာ ဖြစ်တယ်လို့ ပဒိုစောတောနီးက ဆိုပါတယ်။

“ကျားဖြန့်လုပ်ငန်းတွေ တရှိန်ထိုးကြီးထွားလာတဲ့ တရားခံအစစ်အမှန်ကတော့ စစ်ကောင်စီပဲ။ အထူးသဖြင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ တဟုန်ထိုးကို နေ့ချင်းညချင်း မထင်မှတ်ဘဲ ကြီးထွားလာတယ်ဆိုတာ ဒါက ရှင်းရှင်းလေးပဲ။ သုံးလေးနှစ်အတွင်း ကျော်မကောင်း ကြားမကောင်း ဖြစ်လာတယ်ဆိုတာ တရားခံဘယ်သူလဲဆိုတာ ရှင်းနေတာပဲ။”

မြန်မာအကြမ်းဖက်စစ်တပ်နဲ့ စစ်ကောင်စီဟာ သူတို့ရဲ့ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်နဲ့ တခြား မဟာမိတ်အဖွဲ့တွေနဲ့အတူ အထက်ပါ လိမ်လည်လှည့်စားမှု တရားမဝင် ရာဇဝတ်လုပ်ငန်းတွေမှာ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခြင်း မရှိဘူးလို့ ငြင်းဆိုမယ်ဆိုရင်တောင် လုံခြုံရေးပေးတာ၊ အထောက်အကူပြုပေးတာတို့နဲ့ တိုက်ရိုက်ပါဝင်နေတာကို နိုင်ငံတကာအသိုင်းအဝိုင်းက ပိုမိုရှင်းလင်းစွာ မြင်တွေ့နိုင်ပြီလို့ KNU က ဆိုထားပါတယ်။

လက်ရှိမှာ ကျားဖြန့်လုပ်ငန်းတွေ အဓိကအခြေစိုက်တာ ထိုင်းနယ်စပ်နေရာတွေမှာလို့ ဆိုပေမဲ့ အဆိုပါလုပ်ငန်းတွေဟာ မြန်မာပြည်တပြည်လုံး ပျံ့နှံ့နေတာကို ထောက်ပြတာဖြစ်တယ်လို့ ပဒိုစောတောနီးက ဆက်ပြောပါတယ်။

“နောက်တချက်က ဒီလုပ်ငန်းကို တနေရာမှာ ထိန်းသိမ်းပြလိုက်ရင် ပြတ်ပြီလို့ မထင်နဲ့။ အဓိက အကြောင်းအရာက တရားဥပဒေစိုးမိုးမှု မရှိတာပဲ။ တိုင်းပြည်တပြည်လုံးကို ကိုယ့်ကိုယ်ကိုယ် အုပ်ချုပ်သူဆိုပြီး မတရားတဲ့ အာဏာရယူပြီး အုပ်ချုပ်လိုက်တာနဲ့ နောက်ဆက်တွဲ ပြဿနာတွေ မကိုင်တွယ်နိုင်ဘဲ တရားဥပဒေစိုးမိုးမှုက ပျက်ယွင်းနေတဲ့ အနေအထားမျိုးမှာ  ဘာမှ လုပ်ချင်ကိုင်ချင်စိတ်မရှိ၊ ဒီလုပ်ငန်းကို တိုက်ဖျက်လိုစိတ်လည်း မရှိဘူး။ အဲဒီလိုမျိုး ဖြစ်နေပြီဆိုရင် ငွေလိမ်ဂိုဏ်းတွေ အလွယ်တကူ ခြေချလို့ရတဲ့နေရာမျိုး ဖြစ်တယ်။ ဒါကြောင့်မို့ ထိုင်းနယ်စပ်ကို လက်ညှိုးထိုးနေပေမဲ့ တကယ်တမ်းကျတော့ မြန်မာပြည်တပြည်လုံးမှာ ဒီလုပ်ငန်း ပျံ့နှံ့နေပြီဆိုတာ ကျနော်တို့ ထောက်ပြချင်တယ်။”

ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုတွေအနေနဲ့ မြန်မာနိုင်ငံရှိ ကြီးထွားလာနေတဲ့ ဆိုက်ဘာရာဇ၀တ်မှု အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ဖို့အတွက် ထုတ်ပြန်ချက်ထုတ်ပြီး ကမ်းလှမ်းရတာဟာ အဆိုပါကိစ္စတွေရဲ့ ပြဿနာအရင်းခံ စစ်ကောင်စီနဲ့ လုပ်ဆောင်မယ်ဆိုရင် အလုပ်ဖြစ်မှာမဟုတ်တဲ့အတွက် နိုင်ငံတကာကို ဖိတ်ခေါ်နေရတာလို့လည်း ဆိုပါတယ်။

KNU အနေနဲ့ အဆိုပါလုပ်ငန်းတွေကို ပထမအဆင့်အနေနဲ့ ဒေသဆိုင်ရာ လုံခြုံရေးအရ စီးပွားရေးအရ ခြိမ်းခြောက်မှုလို ဖြစ်နေတာတွေကို တိုက်ဖျက်လိုပြီး ဒုတိယအဆင့်အနေနဲ့ တိုက်ဖျက်တဲ့ လုပ်ငန်းစဉ်တွေဟာ ရေရှည်တည်တံ့ခိုင်မြဲဖို့ကို သေချာစေပြီး စစ်ကောင်စီကြောင့် ပျက်စီးသွားတဲ့ အုပ်ချုပ်ရေးစနစ် အားလုံးကို တည်ငြိမ်စေဖို့ ကြိုးစားနေတာကြောင့် နိုင်ငံတကာအနေနဲ့ လက်တွဲစေလိုတယ်လို့ KNU က အသိပေးပါတယ်။

အနည်းဆုံးအဆင့်အနေနဲ့ လက်ရှိ ကရင်ပြည်နယ်မှာရှိတဲ့ Steak Holder အားလုံးနဲ့ ပူးပေါင်းတိုက်ဖျက်သွားမယ်ဆိုရင် အဆိုပါလုပ်ငန်းတွေ မပျောက်ကင်းစရာအကြောင်း မရှိဘူးလို့ ပဒိုစောတောနီးက ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013