ရုရှားစစ်ရဲယူနီဖောင်းဝတ် အရာရှိတယောက်က ယူကရိန်းကို စစ်သွားတိုက်ရမယ့် စစ်သားတယောက်ကို နံပါတ်တုတ်နဲ့ ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့ပြီး သူတို့ကို လျှပ်စစ်ရှော့တိုက်သေနတ်တွေ အသုံးပြုနေတာတွေကို ပြသထားတဲ့ ဗီဒီယိုတခု ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့လာပြီးနောက်မှာ ရုရှားအစိုးရက စုံစမ်းစစ်ဆေးရေးအမှု ဖွင့်လှစ်ခဲ့ပါတယ်။
ရိုက်တာ သတင်းဌာနရဲ့ စစ်ဆေးချက်အရ ရုရှားနိုင်ငံ တောင်ပိုင်း ဆိုက်ဘေးရီးယားဒေသရှိ တူဗာ နိုင်ငံငယ်ထဲက ကိုင်းဇီးလ်မြို့ရှိ တပ်ဖွဲ့အခြေစိုက်စခန်းဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိရပါတယ်။
ရုရှားစစ်ပွဲသတင်းထောက်တွေက အဲဒီဗီဒီယိုကို တယ်လီဂရမ်မှာ ပို့စ်တင်ဖြန့်ဝေခဲ့တဲ့အချိန်က ဇန်နဝါရီ ၁၆ ရက်ဖြစ်ပြီး ရုရှားနိုင်ငံထဲက တူဗာ သမ္မတနိုင်ငံရှိ ကိုင်းဇီးလ်မြို့က ယူနစ်တခုထဲမှာ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာလို့ ဒေသခံအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
အဲဒီဗီဒီယိုဖိုင်ကို စုံစမ်းဖော်ထုတ်ပြီး အမှုဖွင့်ထားကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောပါတယ်။
ရိုက်နှက်ခံရသူတွေရဲ့ အမည်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ စစ်သားတွေကို ဘယ်လိုအကြောင်းကြောင့် ရိုက်နှက်တယ် ဆိုတာကိုလည်း မသိရသေးပါဘူး။
ရုရှား စစ်သတင်းထောက်တွေကတော့ သူတို့ဟာ ယူကရိန်း ရှေ့တန်းစစ်မျက်နှာကို ပြန်ပို့ဖို့ ဆေးရုံကဆင်းလာတဲ့ ဒဏ်ရာရစစ်သားတွေ ဖြစ်တယ်လို့ ပြောပါတယ်။
ဗွီဒီယိုတွေ ထွက်ပေါ်လာပြီးနောက်မှာ စုံစမ်းစစ်ဆေးမှုတခု ဖွင့်လှစ်ခဲ့ကြောင်း တူဗာ ဒေသအစိုးရက သူ့ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ကြေညာထားပါတယ်။
တပ်ရင်းအမှတ် ၅၅၁၁၅ မှာ စာချုပ်ပါ စစ်သားတွေကို “အထူးစစ်ရေးစစ်ဆင်ရေး” (SVO) ကို မပို့ဆောင်သေးခင် ရိုက်နှက်ခြင်းနဲ့ လျှပ်စစ်ကျဉ်စက်နဲ့ တို့ခြင်းတွေ အပါအဝင် နှိပ်စက်ညှဉ်းပန်းမှုတွေ ကျူးလွန်ထားကြောင်းကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၆ ရက်မှာ ဖြစ်ရပ်တွေကို မှတ်တမ်းတင်ခဲ့ကြောင်း တူဗာအစိုးရက ပြောကြားခဲ့ပါတယ်။
ကျူးလွန်သူတွေကို ဖော်ထုတ်ထားပြီး သူတို့ကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်းနဲ့ ဖြစ်ရပ်ရဲ့ အခြေအနေတွေကို ရုရှားဖက်ဒရေးရှင်းရဲ့ ရာဇ၀တ် ကျင့်ထုံးဥပဒေနဲ့အညီ ကျူးလွန်သူတွေကို ပြစ်ဒဏ်ပေးသွားမှာ ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောပါတယ်။
မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကိုတော့ ကာကွယ်ရေးဝန်ကြီးဌာနက တုံ့ပြန်ခြင်းမရှိပါဘူး။
Source : Reuters