Home
မြန်မာသတင်း
နတ်မောက်တွင် စစ်သား ၂ ဦး လက်နက်ခဲယမ်းနှင့် အလင်းဝင်
DVB
·
January 16, 2025
Photo : ကြိုးကြာနီတပ်ရင်း

မကွေးတိုင်းအ​ရှေ့ခြမ်း၊ နတ်မောက်မြို့နယ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ကြိုးကြာနီတပ်ရင်းဆီကို စစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး တပ်သားသစ် ဖြစ်လာသူ ၂ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ထပ်မံ အလင်းဝင်ရောက်လာပါတယ်။

ကြိုးကြာနီတပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “အခု အလင်းဝင်လာတဲ့သူ ၂ ယောက်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲက အလင်းဝင်လာကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ကလည်း စစ်ကောင်စီဘက်က တပ်သား ၂ ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာကြပါသေးတယ်။ အခြေအနေ အကြောင်းကြောင်းကြောင့် အခုမှ သတင်းထုတ်ပြန်ရတာ” လို့ ပြောပါတယ်။

အခု ထပ်မံအလင်းဝင်ရောက်လာကြသူတွေဟာ ကယားပြည်နယ်၊ မိုးဗြဲမြို့အခြေစိုက် ခလရ ၄၂၂ တပ်ရင်းကနေ စစ်မှုထမ်းသင်တန်း အပတ်စဥ် ၁ နဲ့ အပတ်စဥ် ၅ က သင်တန်းဆင်းတွေဖြစ်ကြပြီး သူတို့ ၂ ယောက်ဟာ MA1 သေနတ် ၁ လက်၊ MA11 သေနတ် ၁ လက်၊ MA1 ကျည် ၁၀၀ နီးပါး၊ MA11 ကျည် ၁၀၀ နီးပါးတို့နဲ့အတူ အလင်းဝင်ရောက်လာခဲ့ကြတာလို့ ဆိုပါတယ်။

ကြိုးကြာနီတပ်ရင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ပလာတာက “အခု အလင်းဝင်လာတဲ့သူ ၂ ယောက်က အရင်နှစ် စက်တင်ဘာလထဲက အလင်းဝင်လာသူ ၂ ယောက်ကနေတဆင့် ဆက်သွယ်ပြီးတော့မှ ထပ်ပြီးအလင်းဝင်လာကြတာပါ။ အပတ်စဥ် ၁ တယောက်က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲကပါ။ သူတို့ရွာရဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက ဇွတ်အတင်း ငွေယူပြီး ထည့်ပေးလိုက်လို့ ပါလာခဲ့တာ။ နောက် အပတ်စဥ် ၅ က တယောက်က မကွေးတိုင်း၊ စလင်းနယ်ထဲကပါ။ သူက လယ်စိုက်ပျိုးထောင်နေရင်း သူ့အလုပ်သူလုပ်နေတာကို အဆွဲခံခဲ့ရတာပါ။ အဲဒီ ၂ ယောက်တည်းက တယောက်က သူ့ဇာတိမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ထဲကို ဝင်ပြီး စကစကိုတိုက်ထုတ်ဖို့ ပြောလာတာကြောင့် သူတို့နယ်ဘက်က တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပေးနေပါတယ်။ နောက်တယောက်ကတော့ သူ့မိသားစုတွေနဲ့ ဆုံစည်းခွင့်ရဖို့ တောင်းဆိုထားတာကြောင့်လည်း အဲဒါကို စီစဥ်ဆောင်ရွက်ပေးနေ​ပါတယ်” လို့ ပြောပါတယ်။

စက်တင်ဘာလထဲက အလင်းဝင်ရောက်လာသူ ၂ ယောက်ကတော့ သူတို့ရဲ့ စိတ်ဆန္ဒအရ စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး လုပ်ငန်းစဥ်တွေမှာ ပါဝင်လိုတာကြောင့် ကြိုးကြာနီတပ်ရင်းက ရဲဘော်တွေနဲ့အတူ တာဝန်ထမ်းဆောင်ခွင့် ပြုထား​ပါတယ်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်က စစ်အာဏာရှင်ကို တော်လှန်ရင်း ပဲခူးရိုးမထဲက တိုက်ပွဲတခုမှာ ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လက်အောက်ခံ ကြိုးကြာနီတပ်ရင်းရဲ့ တပ်ရင်းမှူး ဇိုးကြီး ကျဆုံးသွားခဲ့ပေမဲ့ ကြိုးကြာနီတပ်ရင်းဟာ စစ်အာဏာရှင် အမြစ်ပြတ်သည်အထိ တိုက်ထုတ်သွားမှာဖြစ်ပြီး စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေကြသူတွေ အနေနဲ့လည်း အမြန်ဆုံးအလင်းဝင်ကြဖို့ တိုက်တွန်းထားတယ်လို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013