Home
မြန်မာသတင်း
စစ်တွေ၌ စစ်ရေးတင်းမာနေ၊ ဂွမြို့တိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်သား ၃ ဦး ဖမ်းဆီးခံရ
DVB
·
January 3, 2025

ရခိုင်ပြည်နယ်ရဲ့  မြို့တော် စစ်တွေမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ကြား လက်နက်ကြီးတွေနဲ့ နေစဥ်ရက်ဆက်ပစ်ခတ်နေပြီး နှစ်ဖက် စစ်ရေးတင်းမာနေကြတယ်လို့ စစ်ရေးသတင်းရင်မြစ်တွေနဲ့ စစ်တွေမြို့ခံတွေက ပြောပါတယ်။

စစ်တွေမြို့နယ်မှာ ဒီဇင်ဘာ ၂၁ ရက်နေ့ကတည်းက စစ်ကောင်စီနဲ့ AA တို့အကြား နေ့တိုင်းလိုလို လက်နက်ကြီး အပြန်အလှန်ပစ်ခတ်နေကြတာဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ရေကြောင်းတိုက်ခိုက်မှုတွေပါ ပြုလုပ်လာတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“စစ်တွေမြို့နယ်မှာတော့ စစ်ရေးအခြေအနေက တင်းမာနေကြတာဖြစ်တယ်။ နှစ်ဖက်လုံးက နေ့တိုင်း လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေရှိတယ်။ စစ်ကောင်စီဘက်က AA တွေ ရှိနိုင်တဲ့ နေရာတွေကို ရမ်းသန်းပြီး လက်နက်ကြီးတွေ ရေကြောင်းတိုက်ခိုက်မှုပါ ပြုလုပ်မှုတွေရှိတယ်။ AA ဘက်ကလည်း ရွှေမင်းဂံရေတပ်နဲ့ ဒကစ စစ်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်” လို့ ပြောပါတယ်။

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ စစ်ကောင်စီနဲ့ AA တို့ အပြန် အလှန်နေရာယူထားကြတာဖြစ်ပြီး မကြာခဏဆိုသလို လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေ ရှိတယ်လို့လည်း သိရပါတယ်။

အာရက္ခတပ်တော် (အေအေ) က စစ်တွေမြို့နယ်အတွင်း ကျေးရွာတချို့ကို ထိုးဖောက် ဝင်ရောက်ပြီးတော့ ခြေကုတ်ယူထားတာတွေ ရှိတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

စစ်တွေမြို့အနီးမှာ ပစ်ခတ်သံတွေ ဆက်တိုက်ကြားလာရတာကြောင့် မြို့ခံတွေကြား စိုးရိမ်မှုတွေ မြင့်တက်နေကြပြီး ပြည်မဘက်ကို လေကြောင်းနဲ့ ထွက်ခွာမှု တချို့ရှိတယ်လို့ စစ်တွေမြို့ခံတယောက်က ပြောပါတယ်။

“ပစ်ခတ်သံတွေကတော့ နေ့တိုင်းလိုလို ကြားရတယ်။ ရွှေမင်းဂံရေတပ်နဲ့ ကုလားတန် မြစ်ဝမှာ ရပ်ထားတဲ့ နေဗီက ပစ်ခတ်သံတွေ အဓိကကြားရတယ်။ စစ်ကောင်စီကတော့ မြို့တွင်းမှာ လုံခြုံရေးကိုလည်း အရင်ကထက် တင်းကျပ်လာတာကြောင့် မြို့ခံအချို့ လေကြောင်းနဲ့ ရန်ကုန်ဘက်ကို ရွှေ့ပြောင်းနေကြတာတွေရှိတယ်။” 

စစ်တွေမြို့အနီး ကုလားတန်မြစ်ဝမှာရှိတဲ့ စစ်ကောင်စီနေဗီက ပေါက်တောမြို့နယ်ဘက်ကို လက်နက်ကြီးပစ်ခတ်နေတာကြောင့် ကျေးရွာတချို့က ပြည်သူတွေ ဘေးလွတ်ရာကို တိမ်းရှောင် နေကြရတယ်လို့သိရပါတယ်။

စစ်ကောင်စီက ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ် ၃ ခုကိုသာ ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပြီး အာရက္ခတပ်တော်က မြို့နယ် ၁၅ ခုကို သိမ်းပိုက်ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့အကြား ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက အပြင်အလှန် နိုင်ငံရေးဆွေးနွေး ဖို့ ဖိတ်ခေါ်ခဲ့ကြပေမဲ့ အလုပ်မဖြစ်ကြဘဲ စစ်ရေးက ဆက်လက်တင်းမာနေကြဆဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ်၊ ဂွမြို့တိုက်ပွဲမှ သာပေါင်းမြို့နယ်ကို ထွက်ပြေးလာတဲ့ စစ်မှုထမ်းဆင်း စစ်သား ၃ ဦးအား သာပေါင်းမြို့နယ် ၃၀၈ တပ်ရင်းက ဇန်နဝါရီ ၂ ရက်နေ့မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ ‌သာပေါင်းဒေသခံတွေဆီက သိရပါတယ်။

"ဂွမြို့ တိုက်ပွဲက ထွက်ပြေးလာတာပြောတယ်၊ ထမင်းမစားရတာ ၈ ရက်လောက်ရှိ ပြီးဆိုပြီး အငူကြီး ရွာထဲ ထမင်းတောင်းစားတာကို အိမ်ရှင် သတင်းပေးလိုက်လို့ သာပေါင်းရှိက စစ်တပ် ထောက်ခံသူတွေ ဖမ်းဆီးပြီး သာပေါင်း ၃၀၈ တပ်ကို ပြန်ပို့လိုက်တယ်” လို့ သာပေါင်း ဒေသခံတယောက်က DVB ကို ပြောပါတယ်။

သာပေါင်းမြို့နယ်မှာ နေသူတယောက်ကလည်း "ကြားရတာ သူတို့ စစ်မှုထမ်းသင်တန်းဆင်းပြီး ဂွမြို့တိုက်ပွဲကို ပို့ဆောင်ခံရတာ။ သူတို့ စစ်မှုမထမ်းလိုကြလို့ ပြေးတာ စစ်တပ်နဲ့ကြံ့ဖွံ့အမာခံတွေက ရိုက်နှက်ပြီး စစ်တပ်ပြန်ပို့တာ” လို့ ပြောပါတယ်။

ထွက်ပြေးလာတဲ့ စစ်မှုထမ်းစစ်သား ၃ ယောက်ဟာ မအူပင်၊ ဝါးခယ်မနဲ့ ပဲခူးမြို့တို့မှ ဖြစ်တယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်က ဧရာဝတီနဲ့ ရခိုင်အစပ်ရှိ ဗေဒါစစ်ဆေးရေးဂိတ်အား ဇန်နဝါရီ ၂ ရက်မှာ တိုက်ခိုက်နေတာကြောင့် ဧရာဝတီတိုင်း ငါးသိုင်းချောင်း အမြောက်တပ် ၃၄၄ နေရာနဲ့ ပုသိမ်မြို့ မကျီးဇင်ဘောမိနေရာတို့မှာ စစ်ကောင်စီက ခံစစ်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013