Home
မြန်မာသတင်း
မုံရွာ နမခ မှ စစ်သား ၂ ဦးကို အရှင်ဖမ်းမိ
DVB
·
December 30, 2024
Photo: CHU PDF

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ အလင်းဝင်ဖို့ ထွက်ပြေးလာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ ချောင်းဦး ပကဖ တိုက်ခိုက်ရေးတပ် CHU PDF တပ်ဖွဲ့ ၁ ဆီကနေ သိရပါတယ်။

CHU PDF ရဲ့ ပြန်ကြားရေးဌာနစိတ်ရဲ့တာဝန်ခံက “မုံရွာ နမခ ကနေထွက်ပြေးလာကြတဲ့ စကစ တပ်ဖွဲ့ဝင် ၂ ယောက်ကို ကျနော်တို့ စစ်ရေးလှုပ်ရှားနဲ့နယ်မြေဖြစ်တဲ့ မုံရွာ-ချောင်းဦးအစပ်က မုံရွာမြို့နယ်ထဲမှာ မိခဲ့တာပါဗျ” လို့ ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဆီကနေ MA5 Pistol သေနတ် ၁ လက်၊ Pistol အိတ် ၁ ခု၊ ၉ မမ ကျည် ၉ တောင့်နဲ့ ၃၈၀ ကျည် ၁ တောင့်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

“ကျနော့် ရဲဘော်တွေ ကင်းပတ်ရင်း ဖမ်းမိခဲ့ကြတာပါ။ ကျနော်တို့ဆီမှာ ကနဦး စစ်ဆေးတဲ့အခါမှာတော့ သူတို့က တပ်သားအဆင့်တွေလို့ပဲ ထွက်ဆိုကြတယ်။ သူတို့တပ်က တပ်ရေးဗိုလ်ကြီးရဲ့ ပစ္စတိုကိုခိုးလာပြီး အလင်းဝင်ဖို့ ထွက်ပြေးလာတယ်တော့ ကနဦး သိရသေးပါတယ်ပေါ့ဗျာ။ ဒါပေမဲ့လည်း သူတို့နဲ့ပါလာတဲ့ လက်နက်တွေကိုကြည့်ရတာက တပ်သားအဆင့်ဆိုတာကို အတည်ပြုဖို့က ခက်ခဲနေတယ်” လို့ ချောင်းဦး ပကဖ တာဝန်ခံက DVB ကို ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို ကျန်းမာရေးကောင်းမွန်စွာနဲ့ သက်သေခံပစ္စည်းတွေနဲ့အတူ မုံရွာမြိုနယ် ပကဖ ဆီကို လွှဲပြောင်းပေးခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဟာ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ ကနေ သံပြားကာကား ၆ စီးနဲ့ အင်းတော်မြို့ စစ်ကူသွားဖို့ ထွက်လာစဥ် မုံရွာမှာ နေရစ်ခဲ့ပြီး ထွက်ပြေးလာကြရင်း ဖမ်းဆီးရမိခဲ့တာလို့လည်း ဆိုပါတယ်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို ချောင်းဦး ပကဖ တိုက်ခိုက်ရေးတပ် CHU PDF တပ်ဖွဲ့ ၁၊ Special Force 11 LPDF နဲ့ ဒိတ်ဒိတ်ကြဲ LPDF တို့က ပူးပေါင်းဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013