စစ်ကောင်စီတပ်တွေ ထိန်းချုပ်ထားဆဲဖြစ်တဲ့ ရခိုင်ပြည်ရဲ့မြို့တော် စစ်တွေမြို့မှာ အခုရက်ပိုင်းအတွင်း ပိုမိုတင်းကျပ်စစ်ဆေးနေပြီး ရခိုင့်အမှတ်အသား တက်တူးထိုးထားသူတွေကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတချို့က ရခိုင်ပြည်နယ်အမှတ်အသားအဖြစ် ရခိုင်ပြည်နယ်အလံ၊ ရခိုင့်အမှတ်အသားတံဆိပ် ပုံစံအမျိုးမျိုးနဲ့ အာရက္ခတပ်တော် (AA) ကို ထောက်ခံတဲ့ အမှတ်အသား တက်တူးထိုးထားသူတွေကို ပစ်မှတ်ထား ဖမ်းဆီးမှုတွေ ပိုများတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်မှာ ဆိုရင်လည်း စစ်တွေမြို့ မင်းဂံရပ်ကွက်မှာ လူငယ်တချို့ကို ဖုန်းတွေစစ်ဆေးပြီး AA နဲ့ ပတ်သက်မှုရှိတယ်လို့ဆိုကာ ဖမ်းဆီးခေါ်ဆောင်မှုတွေ ရှိနေပါတယ်။
စစ်တွေဒေသခံတယောက်က “ဘယ်ကိုသွားတာလဲ မေးတယ်၊ ပြီးရင် တက်တူးရှိလားပေါ့။ တက်တူးရှိလားဆိုပြီးတော့ စစ်ဆေးမယ်ဆိုပြီး အင်္ကျီတွေ အကုန်လုံးချွတ်ပြခိုင်းတယ်။ ဖုန်းပါလား ဖုန်းပေးဆိုပြီးတော့ ဖုန်းတွေကိုလည်း ယူစစ်ဆေးတယ်။ ဓာတ်ပုံအယ်လ်ဘမ်တို့၊ မက်ဆေ့ချ်ပို့ထားတဲ့ဟာတွေကို အသေးစိတ်စစ်ဆေးတာပေါ့။ ကျောင်းသားကတ် ပြတာတောင် မရဘူး၊ ကျနော်က တက်တူးလည်းမထိုးထားတော့ လွတ်လာတာ။ ရခိုင်အလံတို့၊ ရခိုင်တံဆိပ်တို့ ပါတဲ့သူတွေကို ဖမ်းခေါ်သွားတာတော့ တွေ့တယ်၊ ဘယ်ကိုခေါ်သွားတာလဲတော့ ကျနော်လည်း တိတိကျကျမသိဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက် နေ့လယ်ပိုင်းမှာလည်း စစ်တွေ၊ မင်းဂံရပ်ကွက်ကို ဝင်ရောက်စစ်ဆေးချိန်မှာ စားသောက်ဆိုင်ပိုင်ရှင်တယောက်နဲ့ အပေါင်းအပါတယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ မိသားစုဝင်နဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။
လက်ရှိမှာ ဖမ်းဆီးခံရတာ ၁၀ ရက်ကြာလာပြီဖြစ်ပေမဲ့ အဆက်အသွယ်တစုံတရာ မရရှိဘူးလို့ မိသားစုဝင်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
လက်ရှိမှာလည်း စစ်တွေမြို့အဝင် ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်တို့ အကြား နှစ်ဖက် အပြန်အလှန် ထိတွေ့ပစ်ခတ်တာတွေ ဆက်ဖြစ်နေပါတယ်။
မြို့တွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကလည်း အနီးအနားဝန်းကျင်တွေကို လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။