Home
မြန်မာသတင်း
တနှစ်အတွင်း မြို့ ၄ မြို့ကို ချင်းညီနောင်တပ်ဖွဲ့ သိမ်းယူ
DVB
·
December 30, 2024

ချင်းညီနောင်တပ်ဖွဲ့ တည်ထောင်ပြီးနောက် တနှစ်တာကာလအတွင်းမှာ မြို့ ၄ မြို့ကို သိမ်းယူထားနိုင်ခဲ့ပြီး စစ်ကောင်စီတပ်စခန်း ၃၀ လောက်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့က ပြောပါတယ်။

မတူပီ၊ မင်းတပ်၊ ကန်ပက်လက်နဲ့ ကျင်ဒွေး မြို့သိမ်းတိုက်ပွဲတွေကို ချင်းညီနောင်တဖွဲ့ချင်းစီ သိမ်းယူခဲ့တာတွေရှိသလို မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းသိမ်းယူခဲ့တာတွေလည်း ရှိတယ်လို့ ဒီဇင်ဘာ ၃၀ ရက် ဒီနေ့ကျင်းပတဲ့ ချင်းညီနောင်တည်ထောင်ခြင်း တနှစ်ပြည့်အခမ်းအနားမှာ ပြောဆိုလိုက်တာပါ။

ချင်းညီနောင်အဖွဲ့ကို  ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်မှာ Chin National Organization (CNO)၊ Zomi Federation Union (ZFU)၊ Chin National Council-mindat တို့နဲ့ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ အဖွဲ့ဝင်အဖြစ် ချင်းတော်လှန်ရေးလက်နက်ကိုင် ၆ ဖွဲ့ ပူးပေါင်း ပါဝင်နိုင်ခဲ့ပြီလို့ သိရပါတယ်။

CDF မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်ဖေက “၂၀၂၄ ခုနှစ် ဧပြီလ ၂၉ ရက်နေ့မှာပဲ ကျင်ဒွေးမြို့ကို အပြီးသတ်သိမ်းယူနိုင်ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးနဲ့ တပြိုင်တည်းမှာပဲ တီးတိန်မြို့သိမ်းစစ်ဆင်‌ရေးကို ၂၀၂၄ ခုနှစ် မေလ ၂၇ ရက်နေ့မှာ ဆင်နွှဲခဲ့ပြီးတော့ မတူပီမြို့ စစ်ဆင်ရေးကို ၂၀၂၄ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာစတင်ပြီး ဇွန်လ ၁၉ ရက်နေ့မှာ အပြီးတိုင် သိမ်းယူနိုင်ခဲ့တယ်။ မင်းတပ်မြို့သိမ်း စစ်ဆင်ရေးကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှာ စတင်ပြီး ဒီဇင်ဘာ ၂၁ မှာ မင်းတပ်မြို့ကို အလုံးစုံ တိုက်ခိုက်သိမ်းနိုင်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာလည်း အကြမ်းဖက်စစ်ကောင်စီက ထွက်ပြေးသွားတဲ့အတွက်ကြောင့် ‌သေနတ်မဖောက်ဘဲ ကန်ပက်လက်ကို ရယူခဲ့တာရှိပါတယ်” လို့ ပြောပါတယ်။

အခု ဒီဇင်ဘာ ၂၁ ရက်နဲ့ ၂၂ ရက်မှာလည်း မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့ကို သိမ်းပိုက်ပြီးနောက် ဖလမ်းမြို့ကို သိမ်းယူနိုင်ဖို့ ကြိုးစားနေပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဆလိုင်းထန်းချွန်ဖေက “ဖလမ်းမြို့သိမ်းတိုက်ပွဲပေါ့လေ၊ လက်ရှိဆင်နွှဲနေဆဲ တိုက်ပွဲတွေလည်း ပြင်းထန်နေဆဲ အနေအထားမှာ ရှိပါတယ်။ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့မှာ စတင်ခဲ့ပြီးတော့ နိုဝင်ဘာလ ၁၂ ရက်မှာ ခရိုင်ရဲစခန်း၊ မြို့နယ်ရဲစခန်းနဲ့ အခြား စစ်ကောင်စီစခန်းကုန်းတွေကို ချင်းညီနောင်နဲ့ မဟာမိတ်တွေက သိမ်းပိုက်ရရှိပြီးတော့ မြို့ကိုလည်း အလုံးထိန်းချုပ်ထားပါတယ်။ လက်ရှိမှာတော့ ကျန်ရှိနေသေးတဲ့ ခလရ ၂၆၈ တပ်ရင်းကို သိမ်းပိုက်ဖို့အတွက် အပြင်းအထန် ထိုးစစ်ဆင်နေတဲ့ အနေအထား ရှိပါတယ်” လို့ ပြောပါတယ်။

ချင်း၊ မကွေး၊ စစ်ကိုင်း စတဲ့ဒေသတွေက မဟာမိတ်တွေနဲ့ ပူး‌ပေါင်းတိုက်ပွဲတွေ ဆင်နွှဲနေကြသလို ကျန်းမာရေး၊ ပညာရေး စတဲ့ အထွေထွေဝန်ဆောင်မှု လုပ်ငန်းတွေလည်း‌ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ချင်းညီနောင်အတွင်းရေးမှူးအဖွဲ့ဝင်က “AA အပါအဝင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ‌ယောဒေသမှာရှိတဲ့ တော်လှန်ရေးအစုအဖွဲ့များနဲ့ လက်တွဲတိုက်ပွဲဝင်နေပါတယ်။ တခြားသော တနိုင်ငံလုံးမှာရှိတဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့လည်း လက်တွဲ ဆောင်ရွက်နေပါတယ်။ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေအနေနဲ့ ICNCC\CB ဟာဆိုရင် Chin State Education Board နဲ့ လက်တွဲပြီးတော့မှ ချင်းပြည်နယ်ရဲ့ လွတ်မြောက်နယ်မြေနဲ့ ချင်းညီနောင်ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ကျောင်းပေါင်း ၈၃၅ ကျောင်းဝန်းကျင်၊ ကျန်းမာရေးကတော့ NUG ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့မှ မြို့နယ်‌ဒေသအသီးသီးမှာ ဆေးရုံဆေးခန်းများ ဖွင့်လှစ်တာ၊ mobile clinic home clinic များဖွင့်ပြီးတော့မှ ကျန်းမာရေး ဝန်ဆောင်မှုတွေ ပေးနေပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ကွဲပြားနေတဲ့ ချင်းတော်လှန်ရေးအဖွဲ့တွေ ပြန်လည်စုစည်းပြီး ချင်းပြည် ပြန်လည်ပေါင်းစည်းရေးအတွက် ဆောင်ရွက်နေတယ်လို့ ဒီနေ့အခမ်းအနားမှာ CDF မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်ဖေက ပြောခဲ့ပါတယ်။

ချင်းပြည်ပြန်လည်ပေါင်းစည်း‌ရေးအတွက်လည်း ပေါင်းစည်းရေးဆိုင်ရာ နိုင်ငံရေးရပ်တည်ချက်နဲ့ မူဝါဒတွေ ရေးဆွဲထားပြီး ငြိမ်းချမ်း‌ရေးနဲ့ သင့်မြတ်ရေးအတွက် ကြိုးပမ်းနေတဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းဆောင်ရွက်ဖို့အတွက်လည်း ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

မြို့သိမ်းတိုက်ပွဲတွေအတွင်းမှာ ချင်းညီနောင်ရဲဘော် ၁၀၀ နီးပါးကျဆုံးပြီး အယောက် ၄၀၀ လောက် ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်သားနဲ့ မိသားစုဝင်တွေ အပါအဝင် စစ်သုံ့ပန်း ၆၀၀ ကျော်ကိုလည်း ဖမ်းဆီးထားကာ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013