
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးဝမြို့အနီးမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပြီး ဒေသခံကာကွယ်ရေးတပ်ဘက်က ရဲဘော် ၂ ယောက် ကျဆုံးခဲ့သလို ကလေးဝ-မဟာမြိုင်လမ်းလည်း ပိတ်နေတယ်လို့ လမ်းပိုင်းနဲ့နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၂၈ ရက်က ကလေးဝမြို့နယ်၊ အောင်ချမ်းသာရွာကနေ စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား ထိတွေ့မှုဖြစ်ပြီး စစ်ရေးတင်းမာနေတာကြောင့် လမ်းပိတ်နေတာလို့ ဆိုပါတယ်။
ကလေးဝ-မဟာမြိုင်လမ်းပိုင်း ချောင်းဆုံရွာအနီးမှာ ပိတ်မိနေတဲ့ ကားသမားတယောက်က “စစ်ကြောင်းထွက်ခဲ့တာ ပြောတယ်ကွ။ သူတို့က ကားတွေကို ချောဆွဲဖို့လားမသိဘူး၊ ကားတွေကို သူက ရိက္ခာယူမလို့လား မသိဘူး။ အဲဒါ ထွက်ခဲ့တဲ့ဟာကို PDF တွေက စောင့်တာလို့ကြားတယ်။ ကွင်းလမ်းထိပ်ရောက်ပန်းနီးကွာ။ ကွင်းလမ်းမှာ တိုက်ပွဲဖြစ်လို့ PDF တွေက သေတဲ့ဟာက သေတယ်။ အဲ့နားက ကွင်းလမ်းက စစ်တပ်နဲ့နီးတယ်လေ” လို့ ပြောပါတယ်။
လက်ရှိ အဆိုပါလမ်းပိုင်းမှာ အောက်ပိုင်းဘက်ကနေ အထက်ကိုတက်လာတဲ့ ကားအစီးရေ ရာဂဏန်းနီးပါး ပိတ်မိနေတယ်လို့ ဆိုပါတယ်။
အဆိုပါ ထိတွေ့တိုက်ပွဲအတွင်းမှာ ဒေသကာကွယ်ရေးတပ်ဘက်က ရဲဘော် ၂ ယောက် ကျဆုံးထားပြီး လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရမိထားတယ်လို့ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်လ်တွေမှာ ဓာတ်ပုံနဲ့တကွ ဖော်ပြထားပါတယ်။
အဲဒီ ထိတွေ့တိုက်ပွဲအခြေအနေ လမ်းပိုင်းပိတ်ထားမှုနဲ့ ပတ်သက်ပြီး ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ကလေးဝ PDF ဘက်ကို DVB က အွန်လိုင်းကရော တယ်လီဖုန်းနဲ့ပါ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာမျိုး မရှိသေးပါဘူး။
ကလေးဝ-မဟာမြိုင်လမ်းပိတ်ပါက ကလေးမြို့၊ တမူးမြို့နဲ့ ကလေးဝမြို့တွေမှာ ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်တာ၊ စက်သုံးဆီတွေ ပြတ်တောက်လေ့ရှိတာကြောင့် ဒေသခံတွေအနေနဲ့ လမ်းကို ကြာရှည်ပိတ်မှာ စိုးရိမ်နေကြပါတယ်။
ကလေးမြို့ကနေ မြန်မာပြည်အောက်ပိုင်းဘက်ကိုသွားတဲ့ ကလေး-ဂန့်ဂေါလမ်း၊ ကလေးဝ-မဟာမြိုင်လမ်း၊ ကလေးဝ-မင်းကင်းလမ်း၊ ကလေး-ဟားခါးလမ်း စတဲ့ အဓိကလမ်းမကြီး ၄ ခုရှိပြီး လက်ရှိမှာတော့ ဒေသခံတွေက မဟာမြိုင်လမ်းကို အဓိက အသုံးပြုနေကြရပါတယ်။