ချင်းပြည်နယ်၊ ဖလမ်းမြို့တိုက်ပွဲကနေထွက်ပြေးလာကြတဲ့ စစ်ကောင်စီတပ်သားသစ် ၁ ယောက် အပါအဝင် စစ်သား ၄ ယောက်ကို အရှင်ဖမ်းမိတယ်လို့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇန်နဝါရီ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ကလေးမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက “ဖလမ်းတိုက်ပွဲကနေ စစ်ရှုံးပြီးထွက်ပြေးလာကြတဲ့ စစ်သား ၄ ယောက်ပေါ့။ အဲဒီ ၄ ယောက်ထဲမှာ ၁ ယောက်က စစ်မှုထမ်း တပ်သားသစ်ပေါ်တာဆွဲခံရတဲ့သူပါ” လို့ ပြောပါတယ်။
ကလေးခရိုင် တပ်ရင်း ၁၆ နဲ့ ကလေးမြို့နယ် ပကဖ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်း ဖမ်းဆီးခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ကလေးခရိုင် ပကဖ တာဝန်ခံ ကိုစစ်ငြိမ်းအောင် က “ကျနော်တို့ စစ်ရေးနယ်မြေထဲမှာ ဖမ်းမိခဲ့တာပါ။ တပ်ကြပ် ၁ ယောက်၊ ဒုတပ်ကြပ် ၁ ယောက်၊ တပ်သား ၁ ယောက် နဲ့ တပ်သားသစ်စုဆောင်းခံရတဲ့ တပ်သားသစ် ၁ ယောက်ပါ။ ဖလမ်းတိုက်ပွဲကနေထွက်ပြေးလာတာလို့တော့ ကနဦးသိရတယ်ပေါ့။ အသေးစိတ်တွေကတော့ စစ်ဆေးမှုတွေလုပ်နေတာမို့ ပြောပြလို့မရသေးပါဘူးဗျ။ သူတို့ထဲက ဒဏ်ရာရထားတဲ့ သူတွေကိုလည်း ဆေးကုသမှုတွေဆောင်ရွက်ပေးပေးနေပါတယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီလက်အောက်မှာကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း နီးစပ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ အမြန်ဆုံးလက်နက်ချအလင်းဝင်ကြဖို့ တိုက်တွန်းလိုတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ချင်းညီနောင်တပ်ဖွဲ့တွေဟာ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့က စတင်ဖော်ဆောင်ခဲ့ပြီးနောက် တပ်စခန်းအများအပြားသိမ်းပိုက်ထားနိုင်သလို လက်ရှိအချိန်မှာ ဖလမ်းမြို့က စစ်ကောင်စီလက်အောက်ခံ ခလရ ၂၆၈ တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ချင်းကာကွယ်ရေးတပ်ပေါင်းစုတွေဆီကနေ သိရပါတယ်။