Home
နိုင်ငံတကာ
ထရမ့်ပ်နှင့် တွေ့ဆုံရန် လမ်းဖွင့်ထားဟု ရုရှားပြော
DVB
·
January 16, 2025
Photo: REUTERS/Kevin Lamarque

ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်တို့ရဲ့ တွေ့ဆုံမှုဟာ အလျင်အမြန်ဖြစ်မယ်လို့ ရီပတ်ဘလီကန်ပါတီက ဇန်နဝါရီ ၁၃ ရက်မှာ ပြောခဲ့ပြီး ဒီတွေ့ဆုံမှုကို ရုရှားက လမ်းဖွင့်ထားတယ်လို့ ရုရှားသမ္မတနန်းတော် ကရင်မလင်ကလည်း ပြောပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာ့ဗ်ရော့ဗ်က ဇန်နဝါရီ ၂၀ ရက်မှာ ထရမ့်ပ် သမ္မတ ရာထူးရလာတာနဲ့ တပြိုင်နက် ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေး ထရမ့်ပ်ရဲ့ အကြံဉာဏ်တွေကို လေ့လာဖို့ ရုရှားအစိုးရက အဆင်သင့်ဖြစ်နေပြီလို့ ဇန်နဝါရီ ၁၄ ရက်မှာ ပြောပါတယ်။

လာ့ရော့ဗ်က အမေရိကန်အစိုးရသစ်ရဲ့ အုပ်ချုပ်ရေးယန္တရားဟာ မြေပြင်ပေါ်က အဖြစ်မှန်တွေကို မကြာခဏ ဖော်ပြလာတဲ့အချက်ကို ရုရှားက ကြိုဆိုတယ်လို့ လာ့ဗ်ရော့ဗ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ထရမ့်ပ်နဲ့ လျာထားခံ အမျိုးသားလုံခြုံရေးအကြံပေး မိုက်ခ်ဝေါ့ဇ်တို့ရဲ့ မှတ်ချက်တွေကို လာ့ဗ်ရော့ဗ်က ကိုးကား ပြောဆိုခဲ့တာပါ။

စစ်ပွဲဟာ သံတမန်နည်းလမ်းနဲ့ တနည်းတဖုံ အဆုံးသတ်ရမယ်ဆိုတာ ရှင်းနေတယ်လို့ ဝေ့ါဇ်က တနင်္ဂနွေနေ့မှာ ABC သတင်းဌာနကို ပြောခဲ့ပါတယ်။

“ခရိုင်းမီးယား အပါအဝင် ရုရှားအားလုံးကို ယူကရိန်းမြေရဲ့ တလက်မချင်းဆီကနေ မောင်းထုတ်မယ်လို့ ပြောတာဟာ လက်တွေ့ကျတယ်လို့ မထင်ပါဘူး။ သမ္မတ ထရမ့်ပ်က ဒီအဖြစ်မှန်ကို အသိအမှတ်ပြုခဲ့ပြီး ဒါဟာ ကြီးမားတဲ့ ခြေလှမ်းသစ်တခုလို့ ကျနော်ထင်ပါတယ်။ တကမ္ဘာလုံးက ဒီအဖြစ်မှန်ကို အသိအမှတ်ပြုနေပါပြီ။ အခု ရှေ့ဆက်ကြပါစို့” လို့ လာ့ဗ်ရော့ဗ်က ပြောပါတယ်။

ရုရှားဟာ ၃ နှစ်နီးပါးကြာ စစ်ပွဲအပြီး ယူကရိန်းရဲ့ ငါးပုံ တပုံကို ထိန်းချုပ်ထားပြီးပါပြီ။ စစ်ပွဲအဆုံးသတ်ဖို့ ဘယ်လိုသဘောတူညီချက်ကိုမဆို ထည့်သွင်းစဉ်းစားရမယ်လို့လည်း ရုရှားက ပြောထားပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024