ရုရှားဟာ ပိုလန်နဲ့ တခြားနိုင်ငံတွေကို ဝေဟင်မှာ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ဖို့ စီစဉ်ထားတယ်လို့ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်လ်တပ်စ်ခ်က ဇန်နဝါရီ ၁၅ ရက်မှာ ပြောကြားလိုက်ပါတယ်။
ပိုလန်ဝန်ကြီးချုပ် တပ်စ်ခ်ဟာ ဝါဆောမှာ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ တွေ့ဆုံပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ “နောက်ဆုံးရ အချက်အလက်တွေအရ ရုရှားဟာ ပိုလန်ကိုသာမက ကမ္ဘာတဝန်းက လေကြောင်းတွေမှာပါ အကြမ်းဖက်ဝါဒ ဖြန့်ကျက်ဖို့ စီစဉ်နေတယ်ဆိုတာကို တရားဝင် အတည်ပြုနိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ပိုလန်ဟာ အခုလမှာ ဥရောပသမဂ္ဂကောင်စီရဲ့ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့ပြီး သူ့ရဲ့ ၆ လတာ ဥက္ကဋ္ဌသက်တမ်းအတွင်း ယူကရိန်းကို အစုအဖွဲ့ထဲ ဝင်ရောက်နိုင်ဖို့ကို အရှိန်မြှင့် လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း တပ်စ်ခ်က ပြောပါတယ်။
ဥရောပရှိ ကုန်လှောင်ရုံတွေမှာ ပေါက်ကွဲခဲ့တဲ့ ပါဆယ်ထုပ်တွေဟာ အမေရိကန်ကိုသွားမယ့် ကုန်တင်လေယာဉ်တွေကို ဖောက်ခွဲဖို့ ရုရှားရဲ့ကြံစည်မှုတခုအတွက် တစိတ်တပိုင်း စမ်းသပ်လုပ်ဆောင်ချက်ဖြစ်ကြောင်း လုံခြုံရေးအရာရှိတွေက ပြောကြားခဲ့ပါတယ်။ ဇူလိုင်လအတွင်းက ဗြိတိန်၊ ဂျာမနီနဲ့ ပိုလန်နိုင်ငံတို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာပါ။
ရုရှားက အဲဒီဖြစ်ရပ်တွေမှာ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုထားပြီး ပိုလန်ဝန်ကြီးချုပ် တပ်စ်ခ် ကလည်း ဒါတွေကို အထူးတလည် ပြောမသွားပါဘူး။
ပိုလန်ဟာ ၂၀၂၂ ခုနှစ် ရုရှားကျူးကျော်ခဲ့ပြီးနောက် ယူကရိန်းရဲ့ အခိုင်မာဆုံး ကျောထောက်နောက်ခံနိုင်ငံတခု ဖြစ်ခဲ့ပေမဲ့လည်း သူတို့ ၂ နိုင်ငံအကြားမှာ ၁၉၄၃ ခုနှစ်မှ ၁၉၄၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ Volhynia စစ်ပွဲအတွင်း သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး အိမ်နီးချင်းနိုင်ငံတွေကြား ဆက်ဆံရေး တင်းမာခဲ့မှုအပေါ် သမိုင်းဝင် အငြင်းပွားမှုကို ဖြေရှင်းဖို့ အခြေခံ ဘုံအကြောင်းအရာကို ရှာဖွေနေတာပါ။
မကြာသေးမီနှစ်တွေအတွင်း အဲဒီပြဿနာဟာ ပိုမိုပူလောင်လာခဲ့ပြီး ပိုလန်ဒုတိယဝန်ကြီးချုပ် ဗွာဒိစ်ဝါ့ ကိုရှီးညာ့ခ်-ကားမစ်က ဥရောပသမဂ္ဂကို ယူကရိန်းဝင်ရောက်ဖို့အတွက် ဖြေရှင်းရမယ်လို့ အောက်တိုဘာလမှာ ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ဇန်နဝါရီ ၁၀ ရက်မှာ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်လ်တပ်စ်ခ်က ၂ နိုင်ငံဆက်ဆံရေးမှာ အောင်မြင်မှုရရှိခဲ့ကြောင်း ပြောကြားခဲ့ပြီး ယူကရိန်းက သေဆုံးသူတွေရဲ့ ပထမဆုံး အလောင်းတူးဖော်မှုကို ခွင့်ပြုဖို့ ဆုံးဖြတ်ချက် ချခဲ့တယ်လို့ ဆိုပါတယ်။
ပိုလန် နေ့စဉ် ဇက်ချ်ပိုစ် ပိုလီတာ သတင်းစာမှာတော့ အလောင်းတူးဖော်မှုဆိုင်ရာ လုပ်ငန်းကို ဧပြီလမှာ စတင်ဖို့ စီစဉ်ထားကြောင်း အစီရင်ခံ ဖော်ပြခဲ့ပါတယ်။
Source : Reuters