“ဝ”ဒေသကနေ ကိုးကန့်ဒေသဘက်ကို လွတ်လပ်စွာ ကုန်စည်ဖြတ်သန်းခွင့် စတင် ခွင့်ပြုလိုက်ကြောင်း “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဦးစီးချုပ်ရုံးက ဇန်နဝါရီ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။
ကိုးကန့်ဒေသနဲ့ “ဝ” ဒေသ ဟိုပန်ကို ဆက်သွယ်ထားတဲ့ ဖောင်ဆိပ်တံတားကနေ မော်တော်ယာဉ်၊ လူနဲ့ ကုန်စည်တွေ ထိန်းချုပ်တာ အပြည့်အဝ လွတ်လပ်ခွင့် ပေးဆောင်ရန် ခွင့်ပြုလိုက်ကြောင်း တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာရုံးရဲ့ အကြောင်းကြားစာ ရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းဌာန Wa News Land က ဖော်ပြထားပါတယ်။
စစ်ကောင်စီနဲ့ ကိုးကန့်တပ် MNDAA တို့ တွေ့ဆုံဆွေးနွေးပွဲ ရလဒ်အနေနဲ့ အခုလို ပြန်လည်ခွင့်ပြုလိုက်တာ ဖြစ်တယ်လို့ UWSA ပြောရေးဆိုခွင့်ရှိသူ တာဝန်ခံ ဦးညီရန်းက DVB ကို ပြောပါတယ်။
“တရုတ်ရဲ့ဝါမူဒကြောင့် ဂိတ်တွေပိတ်ခဲ့တာ၊ ကုန်စည်ကန့်သတ်မှုတွေ လုပ်ခဲ့တာ အားလုံးအသိပဲ ဖြစ်တယ်လေနော်။ ဒီတွေ့ဆုံဆွေးနွေးမှုရလဒ်လို့ပဲ ပြောရမှာပေါ့။ အဲဒီနောက်ပိုင်း မနေ့ကနေစလို့ ဆီနဲ့ ကုန်ပစ္စည်းတချို့လည်း ပြန်ဝင်နေပါပြီ။ မကြာခင်မှာ ပြတ်လပ်နေတဲ့ ကုန်ပစ္စည်းတွေ၊ ဆီတွေ ပြန်အဆင်ပြေသွားမယ်လို့ ယုံကြည်ပါတယ်။”
စစ်ကောင်စီနဲ့ ကိုးကန့်တပ်ဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တို့ ဇန်နဝါရီ ၁၈ ရက် စနေနေ့ကစတင်တဲ့ အပစ်အခတ်ရပ်စဲရေး တရားဝင် သဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်ပြီလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၀ ရက် သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ပြောဆိုထားပါတယ်။
တရုတ်ဘက်ကနေ နယ်စပ်ဂိတ်တွေ ပိတ်ခဲ့တာကြောင့် ဟိုပန်ခရိုင်အောက်မှာရှိတဲ့ မြို့တွေမှာ စက်သုံးဆီနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ ပြတ်တောက်ကာ ဒေသခံတွေအနေနဲ့ အခက်အခဲတွေ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ဦးညီရန်းက “ထုတ်ပြန်ချက်အရကတော့ လူသုံးကုန်ပစ္စည်းတွေပေါ့၊ စစ်ပစ္စည်းတွေကတော့ ကန့်သတ်ထားတုန်းပဲပေါ့၊ စားသောက်ကုန်နဲ့ လူသုံးကုန်တွေကတော့ သွားလာခွင့်ရပြီပေါ့။ ကုန်စည်စီးဆင်းခွင့်ပြုလိုက်တော့ နှစ်ဖက်မှာရှိတဲ့ ပြည်သူတွေအတွက် အများကြီး အဆင်ပြေသွားစေတာပေါ့။ ဒီတော့ ဒါက အဆိုးထဲက အကောင်းပေါ့။ ခက်ခဲနေတဲ့ အချိန်ကာလမျိုးမှာ” လို့ ဆက်ပြောပါတယ်။
“ဝ” နဲ့ ကိုးကန့် ကုန်သွယ်တံတား ဖောင်ဆိပ်အပြင်ကို ကိုးကန့်-တရုတ် နယ်စပ်ဂိတ်ဖြစ်တဲ့ ချင်းရွှေဟော်၊ လောက်ကိုင်အပြင် “ဝ”နဲ့ တရုတ်နယ်စပ်က နမ့်တစ် (မန်ခါး) ဂိတ်တို့ကို ဇန်နဝါရီ ၂၀ ရက်က စတင်ဖွင့်ပေးခဲ့ကြောင်းကိုလည်း ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက တရုတ်-မြန်မာ နယ်စပ်ဂိတ် ၅ ခုဖြစ်တဲ့ ကျင်စန်းကျော့၊ ချင်းရွှေဟော်၊ ရန်လုံကျိုင်း၊ မုန်းကိုးနဲ့ နမ့်ခမ်းဂိတ်တွေကို ညီနောင်မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ MNDAA၊ TNLA နဲ့ AA တို့က တိုက်ခိုက် သိမ်းယူနိုင်ခဲ့ပြီးနောက် တရုတ်အစိုးရဟာ ရှမ်းမြောက်မှာရှိတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေမှာ ကုန်စည်တင်သွင်းခွင့်တွေ ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။