Home
နိုင်ငံတကာ
အစ္စရေးနှင့် ဟားမတ်စ် ဓားစာခံများ အပြန်အလှန် စတင် လွှတ်ပေး
DVB
·
January 20, 2025
Photo : Reuters

ဂါဇာကမ်းမြောင်မှာ ဟားမတ်စ်ဘက်က ဓားစာခံ ၃ ယောက်ကို ပြန်လွှတ်ပေးအပြီးမှာ အစ္စရေးဘက်ကလည်း ပါလက်စတိုင်း အကျဉ်းသား အယောက် ၉၀ ကို ပြန်လွှတ်ပေးလိုက်ပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပထမအဆင့်ရဲ့ တစိတ်တပိုင်းအဖြစ် ပြန်လွှတ်ပေးတဲ့ ပါလက်စတိုင်း အယောက် ၉၀ ထဲမှာ အမျိုးသမီး ၆၉ ယောက်နဲ့ ဆယ်ကျော်သက် ယောက်ျားလေး ၂၁ ယောက်တို့ ပါတယ်လို့ ဟားမတ်စ်တွေက ပြောထားပါတယ်။

အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် ပြန်လွတ်လာသူတွေကို အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်း ပြည်သူတွေက ဝမ်းသာအားရ ပွေ့ဖက်ကြိုဆိုခဲ့ကြပါတယ်။

အစောပိုင်းမှာ ဟားမတ်စ်တွေကလည်း အပစ်အခတ်ရပ်စဲရေး ပထမအဆင့်ရဲ့ တစိတ်တပိုင်းအဖြစ် အစ္စရေး အမျိုးသမီး ဓားစာခံ ၃ ယောက်ကို ပြန်လွှတ်ပေးခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အဖွဲ့ဝင်တွေဆီ ဟားမတ်စ်တွေက လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

မျက်နှာဖုံးစွပ်ထားတဲ့ ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေက ကားတွေကို ဝိုင်းရံထားချိန်မှာ ဓားစာခံတွေက ICRC ရဲ့ မော်တော်ယာဉ်တွေထဲကို ၀င်ခဲ့ကြပြီး “ဘုရားသခင်က အကြီးမြတ်ဆုံး” လို့လည်း သူတို့က ကြွေးကြော်ခဲ့ပါတယ်။

မကြာခင်မှာပဲ ရိုမီဂိုနန်၊ ဒိုရွန်စတိန်းဘရန့်ချာနဲ့ အီမီလီ ဒါမာရီတို့လို ဝန်ကြီးချုပ်ရုံးက သတ်မှတ်ထားတဲ့ ဓားစာခံတွေကို လက်ခံထားတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

ပြန်လွတ်လာတဲ့ ဓားစာခံ ၃ ယောက်ကို အစ္စရေးစစ်တပ်က ပြန်သယ်ဆောင်လာပြီး ဂါဇာကမ်းမြောင်ကနေ အစ္စရေးပိုင်နက်ထဲကို ဖြတ်ကျော်လာကာ အစ္စရေးနိုင်ငံထဲက ကီဘတ်ဇ်ဒေသနားက ဂီတပွဲတော်နားမှာ သူတို့ရဲ့ မိခင်တွေနဲ့ ပြန်ဆုံစည်းခဲ့ကြပါတယ်။

ဓားစာခံတွေရဲ့ ကျန်းမာရေး ကောင်းမွန်တယ်လို့ ကြက်ခြေနီအဖွဲ့က ပြောတဲ့အကြောင်း အစ္စရေးတာဝန်ရှိသူတယောက်က  ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ပထမဆုံး အစ္စရေးဓားစာခံ ၃ ယောက်ကို ဟားမတ်စ်တွေက တနင်္ဂနွေနေ့မှာ ပြန်ပေးအပ်ပြီးတဲ့နောက် အစ္စရေးကလည်း သဘောတူညီချက်အရ ပထမဆုံး ပါလက်စတိုင်း ထိန်းသိမ်းခံထားရသူတွေကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား ၁၅ လကြာ စစ်ပွဲအတွင်း အပစ်အခတ်ရပ်စဲရေး ပထမအဆင့်ဟာ အစ္စရေးက စစ်လေယာဉ်တွေ၊ အမြောက်တွေနဲ့  ဂါဇာကမ်းမြောင်ကို  ထောင်းထောင်းကြေ တိုက်ခိုက်ခဲ့လို့ ၃ နာရီကြာ နှောင့်နှေးခဲ့ရပါတယ်။

ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေ လွှတ်ပေးရေး သဘောတူညီချက် ပထမအဆင့်အရ အကျဉ်းသား စုစုပေါင်း ၇၃၇ ယောက်ကို လွှတ်ပေးဖို့ အစိုးရက အတည်ပြုခဲ့တယ်လို့ အစ္စရေး တရားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပါလက်စတိုင်း အကျဉ်းသားတွေကို ပြန်ရဖို့ ပထမအဆင့်အနေနဲ့ ဟားမတ်စ်ကလည်း ဓားစာခံ ၃၃ ယောက်ကို လွှတ်ပေးရင်း သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့  စီစဉ်ထားပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ်တို့ဟာ ဓားစာခံတွေနဲ့ အကျဉ်းသားတွေ လဲလှယ်ရေးနဲ့ အမြဲတမ်း အပစ်အခတ်ရပ်စဲရေးကို ရည်ရွယ်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်ခဲ့တယ်လို့ အစောပိုင်း သတင်းစာရှင်းလင်းပွဲမှာ ကာတာဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ရှိတ်ခ် မိုဟမ်မဒ် ဘင် အဗ်ဒူရာမန် ဘင် ဂျက်စ်ဆင်မ် အယ်လ်ထာနီက ကြေညာခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013