Home
နိုင်ငံတကာ
ဓားစာခံလွှတ်ရေး ဟားမတ်စ်နှင့် သဘောတူညီချက်ရဟု အစ္စရေး အတည်ပြု
DVB
·
January 17, 2025
Photo : Reuters

ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့ ပတ်သက်ပြီး ဇန်နဝါရီ ၁၇ ရက်မှာ အစ္စရေးအစိုးရအဖွဲ့က မဲခွဲဆုံးဖြတ်ရေး အစီအစဉ်ကို ပြုလုပ်သွားမယ်လို့ သိရပါတယ်။

လအတန်ကြာ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် ရရှိလာခဲ့တဲ့ သဘောတူညီချက်ကို အစ္စရေး ညှိနှိုင်းရေးအဖွဲ့က လက်ခံခဲ့ပေမဲ့လည်း အစိုးရရဲ့ အတည်ပြုချက် လိုအပ်နေသေးတာ ဖြစ်ပါတယ်။

ဟားမတ်စ်ဘက်က နောက်ဆုံးမိနစ်မှာ သဘောတူညီချက်ကို ပြင်ချင်နေတာကြောင့် အချိန်နှောင့်နှေးခဲ့တယ်ဆိုပြီး စွပ်စွဲထားပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုရဲ့ ရုံးကတော့ “ဓားစာခံတွေ ပြန်လွှတ်ပေးရေး သဘောတူညီချက် ရရှိထားပြီဖြစ်ကြောင်း” အတည်ပြုပါတယ်။

အဲဒီနောက် နေတန်ယာဟုက နိုင်ငံရေး-လုံခြုံရေးဆိုင်ရာ ကက်ဘိနက်အဖွဲ့ကို သောကြာနေ့ နှောင်းပိုင်းမှာ အစည်းအဝေးခေါ် ပြီး မဲခွဲဆုံးဖြတ်ဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ် အပါအဝင် အမေရိကန်နဲ့ ကာတာ ကိုယ်စားလှယ်တွေက ဒိုဟာမြို့မှာ သဘောတူညီချက်ကို တရားဝင် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲနိုင်ဖို့ ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့ အမေရိကန်နဲ့ ကာတာက ဒီသဘောတူညီချက်ကို အဆင့် ၃ ဆင့်နဲ့ ဖော်ဆောင်မှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ကြေညာသွားပါတယ်။

ပထမအဆင့်အနေနဲ့ ၆ ပတ်ကြာ အပစ်ရပ်ဖို့ရှိပြီး အစ္စရေးဓားစာခံ ၃၃ ယောက် အပါအဝင် ရာနဲ့ချီတဲ့ ပါလက်စတိုင်း အကျဉ်းသားတွေကြား လဲလှယ်မှာ ဖြစ်ပါတယ်။

အစ္စရေးဘက်က လူသားချင်းစာနာမှု အကူအညီတွေ တင်ဆောင်လာမယ့် ကုန်တင်ကားအစီး ၆၀၀ ကိုပါ ဂါဇာကမ်းမြောင်ထဲ နေ့စဉ်ဝင်ရောက်ခွင့်ပြုရမှာ ဖြစ်ပါတယ်။

ဒုတိယအဆင့်အတွက် ညှိနှိုင်းမှုတွေကတော့ ၁၆ ရက်မြောက်နေ့မှာ စတင်မှာဖြစ်ပြီး ကျန်ရှိနေသေးတဲ့ ဓားစာခံအားလုံးကို ပြန်လွှတ်ပေးရေးနဲ့ အစ္စရေးတပ်အားလုံး ဆုတ်ခွာပေးရေး စသဖြင့် ဆွေးနွေးဖို့ရှိပါတယ်။

တတိယမြောက်နဲ့ နောက်ဆုံးဖြစ်တဲ့ အဆင့်ကတော့ ကျန်ရစ်ခဲ့တဲ့ ဓားစာခံအလောင်းတွေကို ပြန်ပို့ပေးဖို့နဲ့ နှစ်ချီ​ကြာမြင့်မယ့် ဂါဇာဒေသ ပြန်လည်ထူထောင်ရေးပဲ ဖြစ်ပါတယ်။

၂၀၂၃ အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်ရဲ့  နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုအတွင်း အစ္စရေးဘက်က လူပေါင်း ၁,၂၀၀ လောက် သေဆုံးခဲ့ရသလို နောက်ထပ် ၂၅၁ ယောက်ကိုလည်း ဓားစာခံအဖြစ် ခေါ်ဆောင်သွားခဲ့ပါတယ်။

ဒါကြောင့် အစ္စရေးအနေနဲ့ လက်တုံ့ပြန် တိုက်ခိုက်ခဲ့ရာမှာ ဂါဇာဒေသခံ ၄၆,၀၀၀ ကျော် သေဆုံးခဲ့ရပြီး လူဦးရေ ၂ ဒသမ ၃ သန်းနီးပါးဟာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013