တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ အခုနှစ် ဇန်နဝါရီလ အစောပိုင်းက ရပ်ကွက်အတွင်းရှိ နေအိမ်တိုင်းကို အုပ်ချုပ်ရေးမှူးကနေပြီး စစ်မှုထမ်းအပတ်စဉ်အတွက် ပိုက်ဆံ ကျပ် ၇၀,၀၀၀ နှုန်းအထိ ကောက်ခံနေတယ်လို့ ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။
အိမ်ထောင်စုစာရင်းရှိတဲ့ နေအိမ်တွေကို ဇန်နဝါရီ ၁ဝ ရက် နောက်ဆုံးထား ကောက်ခံခဲ့ပြီး ကျပ် ၇၀၀,၀၀ နှုန်းအထိ ကောက်ခံတာက များပြားလွန်းကာ တခြားရပ်ကွက်တွေမှာ စစ်မှုထမ်းအတွက် ကျပ် ၂ဝ,ဝဝဝ ဝန်းကျင်သာ ကောက်ခံတယ်လို့ ပြောပါတယ်။
မြိတ်တောာင်နယ်မြေ၊ ရာပြည့်ရပ်ကွက်မှာတော့ စစ်မှုထမ်းအပတ်စဉ်တိုင်းမှာ ပြီးခဲ့တဲ့ အပတ်စဉ် ၁ မှာတုန်းက ကျပ် ၃၀၀,၀၀ သာ ပေးဆောင်ပြီး အခုနောက်ဆုံး အပတ်စဉ်မှာတော့ ကျပ် ၇၀,၀၀၀ အထိ တိုးမြှင့်ကောက်ခံလိုက်တယ်လို့ ရပ်ကွက်နေပြည်သူတယောက်က ဆိုပါတယ်။
“စစ်မှုထမ်းအတွက် ပေးဆောင်ရတဲ့ငွေတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်မှာ သွားပေးရတယ်။ အိမ်ထောင်စုရှိတဲ့ နေအိမ်တိုင်းက ပေးဆောင်ရတယ်။ တခြားရပ်ကွက်တွေမှာ အဲဒီလောက် မကောက်နေဘူး၊ ဒီရပ်ကွက်တခုတည်း များနေတာ။”
မြိတ်တောင်နယ်မြေ တခုတည်းမှာပဲ ငွေကျပ် ၇ဝ,ဝဝဝ အထိ ကောက်ခံတာဖြစ်ပြီး မြိတ်မြို့ ကလွင်နယ်မြေတို့အပြင် ကျန်တဲ့ရပ်ကွက်တွေမှာက ကျပ် ၂ဝ,ဝဝဝ ဝန်းကျင်သာ ကောက်ခံတာလို့ မြိတ်မြို့ခံပြည်သူတွေက ပြောပါတယ်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေ စတင်ကျင့်သုံးပြီးနောက် မြို့နယ်တွေမှာ ကျေးရွာ၊ ရပ်ကွက်ထဲက အသက်ပြည့်ပြီး အမျိုးသားတွေကို လူသစ် စုဆောင်းခေါ်ယူနေတာ အခုဆိုရင် အပတ်စဉ် ၉ အထိ ရှိနေပြီဖြစ်ပါတယ်။
စစ်ကောင်စီက မြို့ရွာတွေဘက်မှာ လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးတာ ပိုများလာပြီး လေ့ကျင့်ရေးသင်တန်း ပို့ဆောင်ပြီးနောက် ရှေ့တန်းစစ်မျက်နှာတွေမှာ တိုက်ပွဲဝင်ခိုင်းတဲ့ လုပ်ရပ်တွေ သိသိသာသာ များလာတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။