တနင်္သာရီမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့ စိုးမိုးနယ်မြေမှာ တနင်္သာရီမြို့နယ် ကျောင်းသားများသမဂ္ဂ(ဗ.က.သ)က လေကြောင်းရန် ကာကွယ်နည်း လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ပါတယ်။
ဇန်နဝါရီ ၁၃ ရက်နေ့က တကူကျေးရွာကို စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်ခဲ့လို့ အရပ်သား ၁ ယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တနင်္ဿာရီမြို့နယ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုခတ္တာက “ရွာမှာက လေယာဉ်လာရင် ထွက်ကြည့်ကြတာတွေရှိတော့ အရမ်းအန္တရာယ်များတဲ့ အခြေအနေပါ။ ဒါကြောင့်မို့လို့ လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးတွေ လုပ်ဖြစ်တာပါ” လို့ ပြောပါတယ်။
ဗုံးခိုကျင်းတွေနဲ့ လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးပြုလုပ်ရာမှာ ဒေသတွင်း တာဝန်ရှိသူတွေအနေနဲ့ ပူပေါင်းပေးကြဖို့လည်း သူက ပြောပါတယ်။
လက်ကမ်းစာစောင်ထဲမှာ လေကြောင်းတိုက်ခိုက်မှုပုံစံတွေ၊ ဗုံးခိုကျင်းပြုလုပ်ပုံတွေနဲ့ လေကြောင်းရန် ကြိုတင်ပြင်ဆင် သတိပေးချက်တွေ ပါဝင်ပါတယ်။
အခုလက်ရှိမှာတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တကူကျေးရွာအုပ်စုက စာသင်ကျောင်းတွေ ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။