Home
မြန်မာသတင်း
မင်းတပ်ကထွက်ပြေးလာသူ စစ်သား ၁ ဦးဖမ်းမိ၊ ပေါ်တာဆွဲခံရသူစစ်မှုထမ်း ၁ ဦး အလင်းဝင်
DVB
·
January 18, 2025
ဖမ်းဆီးရမိသူ။ Photo-ဗျူဟာအမှတ် ၈၁ (ယောဗျူဟာ)
အလင်းဝင်သူ။Photo-ဒေါင်းစစ်အောင် - LPDF

ချင်းပြည်နယ်၊ မင်းတပ်မြို့ကနေထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ယောက်ကို ယောဒေသမှာ အရှင်ဖမ်းဆီးရမိခဲ့ပြီး မကွေးတိုင်း၊ စလင်းမြို့နယ်မှာတော့ စစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေရသူ ၁ ယောက် အလင်းဝင်လာပါတယ်။

မင်းတပ်တိုက်ပွဲတွေအတွင်း စခန်းစွန့်ခွာထွက်ပြေးလာကြရင်း မင်းတပ်အခြေစိုက် ခလရ ၂၇၄ တပ်ရင်းက ထွက်ပြေးလာသူတ တပ်ကြပ်တယောက်ကို ယောဒေသရဲ့နယ်​မြေတခုထဲမှာ ဖမ်းဆီးရမိထားတယ်လို့ ဗျူဟာအမှတ် ၈၁ (ယောဗျူဟာ) က ဇန်နဝါရီ ၁၇ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။

ဗျူဟာအမှတ် ၈၁ (ယောဗျူဟာ) ရဲ့ ယာယီဗျူဟာမှူး သခင်ဇော် က “သူ့ကိုဖမ်းမိတာကတော့ ပြီးခဲ့တဲ့ ၂ ရက်လောက်ကပါ။ သူ့မှာ လက်နက်ခဲယမ်းတွေတော့ပါမလာဘူး။ လမ်းမှာဖွက်ထားခဲ့တာလို့တော့ သိရတယ်ဗျ။ အခုလောလောဆယ်မှာ  သူ့ကို ကျနော်တို့ဆီမှာပဲ ထိန်းသိမ်းထားတယ်။ အရေးယူ ဆောင်ရွက်မယ့်အပိုင်းကိုတော့ ခရိုင်ကွပ်ကဲရေးရဲ့အစီအမံနဲ့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။

ချင်းညီနောင်နဲ့ မဟာမိတ်တပ်ဖွဲ့တွေရဲ့ထိုးစစ်တွေကြောင့် စခန်းစွန့်ခွာထွက်ပြေးလာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့မိသားစုဝင် စုစုပေါင်း ၁၆ ယောက်ကို ယောနယ်က နေရာတခုမှာ စစ်သုံ့ပန်းဥပဒေနဲ့အညီ ဖမ်းဆီးထိန်းသိမ်းထားပြီး လိုအပ်တဲ့တကိုယ်ရည် အသုံးအဆောင်ပစ္စည်းတွေ ဖြည့်ဆည်းပေးတာတွေအပြင် ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ဆေးဝါးကုသမှုပေးတာတွေကိုပါ ဆောင်ရွက်ပေးထားတယ်လို့လည်းဆိုပါတယ်။

ကျောက်ထု-ဆော-လောင်းရှည်လမ်းပိုင်းကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက စိုးမိုးထိန်းချုပ် ထားတဲ့အတွက် မင်းတပ်နဲ့ ကန်ပက်လက်မြို့သိမ်းတိုက်ပွဲတွေအတွင်း ထွက်ပြေးလာကြတဲ့ စစ်ကောင်စီလက်အောက်ခံတွေဟာ တောလမ်းတွေကနေ ထွက်ပြေးနေကြတယ်လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

ယောဒေသအတွင်း စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေကြသူတွေအနေနဲ့ ပြည်သူ့ရင်ခွင်ကို ခိုလှုံလိုပါက ဗျုဟာ ၈၁ (ယောဗျူဟာ) ဆီကို ဆက်သွယ်နိုင်ပြီး လက်နက်အပြည့်အစုံနဲ့ အလင်းဝင်ရောက်လာသူတွေကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့် ပေးသွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ချင်းညီနောင်အဖွဲ့တွေဟာ မင်းတပ်မြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခလရ ၂၇၄ တပ်ရင်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။

မကွေးတိုင်း၊ စလင်းမြို့နယ်မှာတော့ စစ်ကောင်စီတပ်ရဲ့ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေရသူ ၁ ယောက်ဟာ ဇန်နဝါရီ ၁၅ ရက်နေ့မှာ အလင်းဝင်ရောက်လာတယ်လို့ စလင်းမြို့နယ်ထဲမှာ အခြေစိုက်တဲ့ ဒေါင်းစစ်အောင် (LPDF) အဖွဲ့ဆီကနေ သိရပါတယ်။

ဒေါင်းစစ်အောင် (LPDF) အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “အခု အလင်းဝင်လာတဲ့သူက စလင်းမြို့နယ်ထဲက ဆင်ဖြူကျွန်း၊ နွယ်တမယ်တံတားမှာ တာဝန်ကျနေချိန် ထွက်ပြေးလာပြီး ကျနော်တို့အဖွဲ့ဆီကို အလင်းဝင်လာခဲ့တာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒေါင်းစစ်အောင် (LPDF) အဖွဲ့တာဝန်ခံ ကိုထူးလေး က “နွယ်တမယ်တံတားမှာ ကင်းကျနေတဲ့အချိန် ထွက်ပြေးလာရင်းနဲ့ ကျနော်တို့တပ်ဖွဲ့က ရှေ့ပြေးကင်းအဖွဲ့နဲ့တိုးပြီး အလင်းဝင်ချင်တယ်ဆိုပြီး လက်ထောင်ပြတာနဲ့ သွားရောက် ခေါ်ဆောင်ခဲ့တာပါ။ သူက အဲဒီတံတားမှာ တာဝန်ကျတာ ၁၀ ရက်လောက်ပဲရှိသေးတာ။  ကြိုတင်ချိတ်ဆက်ထားတာ မရှိပါဘူး။ ကျနော်တို့ဆီကို အလင်းဝင်လာတုန်းကလည်း လက်နက်တွေဘာတွေတော့ ပါမလာခဲ့ဘူးဗျ။ သူ့ဆန္ဒကတော့ မိသားစုတွေဆီကို ပြန်ချင်တယ်ပြောတယ်။ သူ့မိသားစုဆီပြန်လို့ လုံခြုံရေးအတွက်အဆင်မပြေဘူးဆိုလည်း သူ့သူငယ်ချင်းတွေရှိတဲ့ PDF အဖွဲ့တွေဆီကိုပို့ပေးဖို့ တောင်းဆိုထားတယ်။ သေချာစိစစ်ပြီးတော့လည်း ပို့ဆောင်ပေးဖို့စီစဉ်နေပါတယ်။ အခုလောလောဆယ်မှာတော့ ကျနော်တို့အဖွဲ့က လူသားစာနာစိတ်နဲ့ ထိန်းသိမ်း စောင့်ရှောက်ပေးထားပါတယ်။ ကျနော်တို့ဆီကို အခု အလင်းဝင်လာတဲ့သူက ၂ ယောက် မြောက်ဖြစ်ပါတယ်။ စကစ လက်အောက်ခံတွေကို နောက်ထပ်လည်း အလင်းဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်” လို့ DVB ကို ပြောပါတယ်။

အလင်းဝင်ရောက်လာသူဟာ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်မှာပေါ်တာဆွဲခံရပြီး ရပ်စောက် ဗထူးလေ့ကျင့်ရေးတပ်မှာ စစ်သင်တန်း ၃ လနီးပါး တက်ခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီနောက် ပခုက္ကူတပ်မ ၁၀၁ ကနေ စလင်းမြို့နယ်၊ တောစိမ့်ကျေးရွာမှာအခြေစိုက်တဲ့ ခလရ ၂၅၄၊ ၂၅၅ တပ်ကို ပို့ဆောင်ခံခဲ့ရပြီး တိုက်ပွဲအတွေ့အကြုံမရှိတာကြောင့် ၃ ရက်အကြာမှာ နွယ်တမယ်တံတားလုံခြုံရေးအဖြစ် တာဝန်ကျခဲ့သူဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ နွယ်တမယ်တံတားမှာ တာဝန်ကျနေသူတွေ မကြာခဏ ထွက်ပြေးနေတာကြောင့် နွယ်တမယ်တံတားလုံခြုံရေးတာဝန်ကျစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇန်နဝါရီ ၁၇ ရက်နေ့၊ နေ့လယ်ပိုင်းမှာ အပြောင်းအရွှေ့ပြုလုပ်နေကြတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂၄ ရက်နေ့ကလည်း ဆင်ဖြူကျွန်းတံတားမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက် တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013