Home
မြန်မာသတင်း
မင်းကင်းတွင် စစ်မှုထမ်းရန် တရွာကို လူ ၅ ဦးနှုန်းတောင်း၊ အရပ်သား ၃၀၀ ကျော် ဖမ်းဆီးခံထားရ
DVB
·
January 16, 2025

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ တရွာကို လူ ၅ ယောက်နှုန်း မဖြစ်မနေသတ်မှတ်ပြီး စစ်သားသစ် စုဆောင်းနေသလို အရပ်သား ၃၀၀ ကျော်ကိုလည်း ဖမ်းဆီးထားတယ်လို့ မင်းကင်းဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ ကန်၊ ကျေးတောင်ဦး၊ တောင်ယာတော၊ ပြင်းပင်မှော်၊ မအူကုန်း၊ ညောင်ကုန်း၊ သလဘာ၊ မင်းစား၊ ဒိုင်ကြီး၊ ကျောက်အိုး၊ အင်းကြင်းတောင်၊ ပြေကံ၊ ကျေးနင်း၊ လက်ချိတ် စတဲ့ကျေးရွာတွေက အမျိုးသား ၃၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့လည်း သိရပါတယ်။

ကျေးရွာသားတယောက်က “ကျနော်တို့ ကျေးရွာတွေကနေ မင်းကင်းမြို့ပေါ်ကို ဈေးတက်ဝယ်တဲ့ အရပ်သားတွေကို ဖမ်းဆီးတာမျိုးလုပ်သလို မင်းကင်းမြို့အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး အမျိုးသားတွေ ဖမ်းဆီးတာမျိုးတွေ စစ်တပ်က လုပ်တာဗျ။ ကျနော်မှတ်မိသလာက်ကတော့ အခု ၂၀၂၄ ခုနှစ် အောက်တိုဘာလကနေ ဇန်နဝါရီလအထိ ၃ လအတွင်း ပေါ်တာဆွဲခံရတဲ့ အရပ်သား ၃၀၀ ကျော် ဖမ်းဆီးခံထားရတယ်ဗျ။ အခုလည်း ကျေးရွာတရွာကို အမျိုးသား ၅ ယောက် မဖြစ်မနေ စစ်မှုထမ်းဖို့ ဆင့်ခေါ်နေတာတွေ လုပ်နေပါတယ်။ အဲလို စစ်တပ်ကလုပ်လို့ မင်းကင်းမြို့ပေါ်ကို ဈေးဝယ်မသွားရဲကြတော့ဘူး” လို့ ပြောပါတယ်။

အခုလို ပေါ်တာဆွဲ ဖမ်းဆီးခံရတဲ့ အရပ်သားတွေကို စစ်ကောင်စီတပ်က ကင်းစောင့်ခိုင်းတာ၊ ကတုတ်ကျင်း တူးခိုင်းတာ၊ လက်နက်ကိုင်တိုက်ပွဲဝင်ခိုင်းတာ စတဲ့ အဓမ္မစေခိုင်းတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းကင်းပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင်တယောက်က “သတင်းက မှန်ပါတယ်ဗျ။ ကျနော်တို့အနေနဲ့ ပြည်သူတွေကို စစ်တပ်နဲ့နီးစပ်တဲ့ နေရာတွေကို မသွားကြဖို့ ပြောထားပါတယ်။ ကျနော်တို့ ပြောစကားကို မလိုက်နာဘဲ သွားတဲ့သူတွေကတော့ အခုလို စစ်တပ်ရဲ့ဖမ်းဆီးခြင်း ခံရတာပါပဲ” လို့ ပြောပါတယ်။

မင်းကင်းမြို့နယ်အတွင်းက ကျေးရွာတွေဟာ မင်းကင်းမြို့ပေါ်ကို ဈေးဝယ်မသွားရဲကြတာကြောင့် မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ ဆေးဝါးတွေလည်း ပြတ်လပ်နေကြပြီး အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013