Home
မြန်မာသတင်း
အင်းလေးတွင် သောက်ရေသန့်လိုအပ်ချက် မြင့်မားနေ
DVB
·
January 18, 2025

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသက ရွာပေါင်း ၁၀ ရွာမှာ ရေကြီးပြီး ၃ လကျော်တဲ့အထိ သောက်ရေသန့်လိုအပ်ချက် မြင့်မားနေဆဲဖြစ်တယ်လို့ အရပ်ဘက် ကယ်ဆယ်ထောက်ပံ့ရေး အဖွဲ့တွေက ပြောပါတယ်။

၂၀၂၄ စက်တင်ဘာလအတွင်းက ရှမ်းတောင်ပိုင်းမှာ ရေကြီးမြေပြိုမှုတွေကြောင့် အင်းလေးကန် မျက်နှာပြင် မြင့်တက်ခဲ့သလို ရေဘေးရှောင်ရပြီး ရေကျပြီးချိန်မှာလည်း ရွှံ့နဲ့ နုန်းတွေ ကျန်ခဲ့တာကြောင့် သောက်ရေအတွက် ပြင်ပအလှူရှင်တွေကို အားထားနေကြရပါတယ်။

ရန်ကုန်မြို့က ကယ်ဆယ်ထောက်ပံ့ရေးအဖွဲ့တဖွဲ့ကတော့ ၃ လကျော်အတွင်း ၂၀ လီတာ ရေဘူးပေါင်း ၅,၀၀၀ ကျော်လောက်အထိ ရွာတွေကို ထောက်ပို့ခဲ့ပြီး ရေလိုအပ်ချက် ကြီးမားနေတာကြောင့် လီတာ ၂၀၀၊ လီတာ ၄၀၀ ဆံ့ ရေသန့်စက်တွေ၊ စက်ရေတွင်းတွေတူးဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

“တနာရီ လီတာ ၂၀၀ ထုတ်စက်က သိန်း ၁၂၀၊ လီတာ ၄၀၀ ထုတ်စက်က သိန်း ၁၉၀ လောက် ရှိပါတယ်။ လက်ရှိတော့ ၂၀ လီတာတဘူးကို ရေသန့်စက်ရုံက ၁,၂၀၀ ကျပ်နဲ့ပေးတယ်။”

အင်းလေးဒေသက ရေလိုအပ်ချက်ရှိနေတဲ့ ရွာ‌တွေထဲမှာ လူဦးရေများတဲ့ ဆည်ခေါင်း၊ နန်းပန်၊ အင်းပေါခုံ စတဲ့ရွာတွေပါပြီး ခန့်မှန်းအိမ်ထောင်စု ၂,၀၀၀ ကျော်၊ လူဦးရေ ၅,၀၀၀ ကျော်အထိ ရှိနေပါတယ်။

ဆည်ခေါင်းရွာခံတယောက်‌က “ဒီစက်လှေနဲ့ တခါတိုက် ဘူး ၆၀ လောက် တင်တယ်။ ဒီလိုပဲ လိုက်ဖြန့်တာပေါ့။ စက်ရုံကနေ ရွာထဲအထိ မိနစ် ၂၀၊ ၃၀ လောက် မောင်းရတယ်။ ၁၀,၀၀၀ ရတယ်၊ ဓာတ်ဆီဖိုးတော့ ဘုန်းကြီးက စွန့်တယ်” လို့ ပြောပါတယ်။

စက်ရေတွင်းနဲ့ ရေသန့်စက်တွေ ဆောက်ပေးမယ့် အလှူရှင်တွေ ရှိနေပေမဲ့ လျှပ်စစ်မီး မရသလောက် နည်းပါးတဲ့ အင်းလေးဒေသမှာ ‌သောက်ရေသန့်ရရှိဖို့ မီးစက်နဲ့ လောင်စာဆီတွေ ထပ်လိုဦးမယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013