Home
မြန်မာသတင်း
အင်းလေး ဟဲယာရွာမ၌ ဆိုးဆိုးရွားရွားရေခန်းခြောက်၊ နုန်းမြေများကြောင့် စက်လှေများ အခက်တွေ့
DVB
·
January 7, 2025

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသက ဟဲယာရွာမအနီးနားမှာ ရေပြန်ကျသွားပြီး နုန်းမြေတွေ အများအပြား ကျန်နေခဲ့တဲ့အတွက် စက်လှေတွေလည်း သွားလာလို့မရဘူးလို့ Save The Inle Lake အဖွဲ့ အထွေထွေအတွင်းရေးမှူးက ပြောပါတယ်။

စက်တင်ဘာ ၁၂ ရက်ကစပြီး အင်းလေးကန်ရေ မြင့်တက်လာပြီးတဲ့နောက် အောက်တိုဘာထဲမှာ ရေပြန်ကျဆင်းကာ ရေကျသွားပေမဲ့ ရေကြီးချိန်က တောင်ကျရေနဲ့အတူပါလာတဲ့ သဲနုန်းမြေတွေ စုပုံသွားတာကြောင့် ရေထုမကျန်တော့ဘဲ နုန်းတွေသာ ကျန်တော့တယ်လို့ သိရပါတယ်။

၁၉၉၂ ခုနှစ်မှာလည်း အင်း​လေးမှာ ရေကြီးမှုဖြစ်ပေါ်ခဲ့ပြီး ၂၀၂၄ ခုနှစ် ရေကြီးမှုက အရင်ကထက် ရေထု ၄ ပေပိုမြင့်ကာ နုန်းတွေကို မဖယ်ရှားရင် နောက်နှစ်တွေ ပိုအခက်ကြုံရနိုင်တယ်လို့ ဆိုပါတယ်။

Save The Inle Lake ရဲ့ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လတ်က “အဲဒီသဲနုန်းကြောင့် စက်လှေဝင်ထွက်သွားလာလို့ မရတော့ပါ။ လမ်းလျှောက်လည်း မရပါ။ သဲနုန်းတွေ စက်တွေနဲ့ ဖယ်ရှားရပါမယ်။ အဲတုန်းက (၁၉၉၂) ကျနော်တို့ အရပ်ဖက်လူမှုအဖွဲ့ CSO တွေ ဦးဆောင် ဖယ်ရှားခဲ့ရပါတယ်။ ခုကာလ အခြေအနေအရ သိနေသော်လည်း လုပ်ဆောင်ရခက်တဲ့ကာလ ဖြစ်လို့ ဘာမှမလုပ်နိုင်ပါ။ အစိုးရဌာနဆိုင်ရာက လုပ်ရပါမယ်၊ မလုပ်လို့ ခုလိုဖြစ်တာပါ” လို့ ပြောပါတယ်။

နုန်းတွေထူထပ်နေတာကြောင့် ခရီးသွားလုပ်ငန်းနဲ့ စိုက်ပျိုးရေးတွေ ထိခိုက်နိုင်ပြီး မိုးများတဲ့အခါ ရေထုပိုမိုမြင့်တက်လာကာ ရေခန်းခြောက်တာလည်း ပိုမြန်လာနိုင်တယ်လို့ ဆိုပါတယ်။

နုန်းဖယ်တဲ့စက်ကို ၂၀၂၄ ခုနှစ်က ဆည်မြောင်းဦးစီးဌာနကို ပြန်လည်အပ်ထားပြီး ခုလက်ရှိအချိန်အထိ လာရောက်ပြုပြင်ပေးတာ မရှိသေးဘူးလို့ သိရပါတယ်။

စက်တင်ဘာလ ရေကြီးမှုကြောင့် အင်းလေးဒေသက ရွာပေါင်း ၂၇၀ ခန့် ရေနစ်မြုပ်မှုဒဏ်ကို ခံခဲ့ရလို့ ပျက်စီးဆုံးရှုံးမှု များပြားတဲ့အပြင် အခုတခါမှာလည်း နုန်းတွေကြောင့် အခက်တွေ့နေရတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013