ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ထဲမှာ ရေနည်းနည်းပြန်ကျသွားလို့ ဒေသခံတွေ ပြန်နေကြပေမဲ့ အချိန်အကြာကြီးရေနစ်မြုပ်ခဲ့လို့ အိမ်တွေပျက်စီးပြီး အခက်ကြုံနေသလို သောက်သုံးရေလည်း ခက်ခဲနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အင်းလေးဒေသမှာ ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာ ၂ လနီးပါး ရေနစ်မြုပ်ခဲ့ပြီး အခု ရေပြန်ကျတဲ့နောက်မှာ အိမ်ရဲ့ကြမ်းခင်းတွေ ပိုးတက်သွားတာ၊ ဆွေးမြည့်တာ၊ မခိုင်ခံ့တော့တာတွေ ဖြစ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ရေက ၂ လလောက် နစ်မြုပ်သွားတယ်။ ရေမြုပ်တဲ့အချိန်အရမ်းကြာသွားတော့ သစ်သားကြမ်းခင်းတွေ ဆွေးမြည့်ကုန်တယ်။ တချို့နေရာဆို ခြေလှမ်းလှမ်းတာနဲ့တင် ကျိုးကျတာတွေဖြစ်တယ်။ တော်တော်ဒုက္ခရောက်တယ်” လို့ ပြောပါတယ်။
ရေက ပုံမှန်အခြေအနေအထိ ပြန်မကျသေးတာကြောင့် လက်ရှိမှာ အိမ်အပေါ်ထပ်တွေမှာပဲ လူနေထိုင်လို့ရပြီး စက်လှေတွေမောင်းလို့ လှိုင်းပုတ်ရင်လည်း အိမ်တွေကို ထိခိုက်ပျက်စီးတာကြောင့် ဖြည်းဖြည်းမောင်းကြဖို့ အင်းလေးရေပေါ်ရွာဒေသခံတွေက မေတ္တာရပ်ခံထားပါတယ်။
အခုနှစ်မှာ မိုးအဆမတန်ရွာခဲ့တာကြောင့် အင်းလေးဒေသမှာ ကျေးရွာ ၁၇၀ ကျော် ရေနစ်မြုပ်ခဲ့ပြီး ဒါဟာ နှစ် ၅၀ ကျော်ကာလအတွင်း အဆိုးဝါးဆုံးရေကြီးမှု ဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။
ရေကြီးပြီးတဲ့နောက်မှာ ဒေသခံတော်တော်များများ အရေပြားယားယံတာဖြစ်ပွားပြီး ချက်ပြုတ် စားသောက်ဖို့နဲ့ သောက်ရေလည်း အခုထိ ခက်ခဲနေတုန်းလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အင်းလေးကန်အနောက်ဘက်ခြမ်းက ကနုရွာနဲ့ ကန်လှ ကျေးရွာတို့မှာ လေပြင်းတိုက်ခတ်လို့ နေအိမ် ၄၀ ကျော်ပျက်စီးခဲ့ရပြီး ပြန်ပြင်နိုင်ဖို့အတွက် အခက်အခဲ ဖြစ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၆ ရက်နေ့စပြီး မိုးအဆက်မပြတ်ရွာလို့ ရေလည်း ၃ လက်မကျော် ပြန်တက်နေပြီး ရေနောက်တခေါက် ပြန်ကြီးမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
စက်တင်ဘာလအတွင်း ရှမ်းပြည်တောင်ပိုင်းက လွိုင်လင်ခရိုင်၊ တောင်ကြီးခရိုင်တို့က မြို့နယ် ၁၁ ခုမှာ ရေကြီးတာကြောင့် ဒေသခံနေအိမ်တွေအပါအဝင် အဆောက်အဦ ၁၀၈၁ ခု ပျက်စီးပြီး လူ အယောက် ၁၄၀ သေဆုံးခဲ့ရတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး PYO က ထုတ်ပြန်ထားပါတယ်။