Home
မြန်မာသတင်း
ဖားကန့် ဆိုင်းတောင်ရွာဒေသခံအချို့ နေရပ်ပြန်၊ ပြန်လည်ထူထောင်ရေး အကူအညီလိုအပ်နေ
DVB
·
October 29, 2024

ဟန်တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာဒေသခံတချို့ နေရပ်ပြန်နေထိုင်ကြပြီး ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေကြပါတယ်။

ဆိုင်းတောင်ရွာတိုက်ပွဲအပြီး ဒေသခံတချို့ကတော့ နေရပ်ပြန်နေထိုင်နေကြပြီဖြစ်ပေမဲ့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ လပ်ကီးမန်းဟိုတယ်နဲ့ အနီးတဝိုက်က ပြည်သူတွေကတော့ နေရပ်ပြန် မနေထိုင်နိုင်ကြသေးဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။

“ဆိုင်းတောင်ပတ်ဝန်းကျင်က ရွာရဲ့တဝက်လောက်ကတော့ ပြန်လာပြီလို့ ပြောလို့ရတယ်။ ဒါပေမဲ့ လပ်ကီးမန်းတဝိုက် မီးလောင်သွားတဲ့ တနေရာရယ်။ ပြီးရင် ရပ်ကွက် ၃ ဘက် ကျောက်သွေးတောင်ဘက်မှာတော့ ပြန်လာလို့ရတဲ့ အနေအထား မရှိသေးဘူး။ တယောက် နှစ်ယောက် အိမ်လာကြည့်တာတို့တော့ ရှိတယ်။ ရပ်ကွက် ၁ နဲ့ ၂ ကတော့ တော်တော်များများ ပြန်လာနေလို့ရပြီ။”

စက်တင်ဘာ ၆ရက်နေ့ညက Lucky Men Hotel ထဲကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်တွေနဲ့ KIA၊ KPDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး တလကျော်အကြာ အောက်တိုဘာ ၈ ရက်က သိမ်းပိုက်နိုင်ခဲ့ပါတယ်။

စက်တင်ဘာ ၁၂ ရက်က ဆိုင်းတောင်ရဲစခန်းကို KIA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တာပါ။

တိုက်ပွဲအတွင်း ဖားကန့်တပ်မကုန်းကနေ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာနဲ့ စစ်ကောင်စီက ပစ်သတ်တာတွေကြောင့် ဒေသခံ ၅၀ ထက်မနည်းသေဆုံးခဲ့ပြီး လူနေအိမ် ၅၀၀  နီးပါး ထိခိုက်ပျက်စီးခဲ့တာလည်း ဖြစ်ပါတယ်။

ဒေသခံတယောက်က “တိုက်ပွဲတော်တော်လေး ပြင်းထန်သွားတော့ ပျက်စီးဆုံးရှုံးမှုရယ်၊ စစ်လက်နက် အကြွင်းအကျန်တွေ တော်တော်များများရှိသေးတယ်။ အဲ့တာတွေ ရှင်းလင်းတာတွေရှိတယ်။ အခုလည်း ရပ်ရွာတွေနဲ့ စည်ပင်တွေလည်း ကိုယ်ထူကိုယ်ထ ရှင်းလင်းရေးလုပ်ဆောင်နေတယ်။ စစ်ဘက်ကလည်း လက်နက်တွေ ရှင်းလင်းနေသလို အရပ်ဘက်ကလည်း မီးလောင်သွားတဲ့ နေရာတဝိုက်တွေ အားလုံး နားရေးကူညီမှုကအစ တိုက်ပွဲကြောင့် သေဆုံးသွားတဲ့ အလောင်းတွေကို ရှင်းလင်းနေတယ်။ အဲ့လိုမျိုးစုံ အကြောင်းရင်းကြောင့် နေရပ်ပြန်ဖို့ ခက်ခဲနေတယ်”လို့ ပြောပါတယ်။

တိုက်ပွဲပြင်းထန်ခဲ့တဲ့ နေရာတွေမှာ ပြန်လည်နေထိုင်ဖို့အတွက် ခက်ခဲနေပြီး စားဝတ်နေရေးအပြင် ရေ၊ မီး အခက်အခဲတွေလည်း ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်ဖြစ်ထားတဲ့နေရာတွေဆိုတော့ ဒီအတိုင်းနေထိုင်ဖို့ခက်ခဲတယ်။ ပြီးရင် ရေ၊ မီးတွေပေါ့။ တော်တော်များများက ရေပေးဝေရေးစနစ်နဲ့ဆိုတော့ ရေမလာတာတွေ၊ မီးကြိုးလည်း ပြတ်တော့ ရေ၊ မီးခက်ခဲတယ်။ စီးပွားရေးလည်း ပြန်လည်ပတ်ဖို့ ခက်ခဲတဲ့အတွက် စားဝတ်နေရေးအတွက်ရယ်၊ နေအိမ်ဆုံးရှုံးသွားတဲ့သူတွေအတွက်ဆိုရင် ပိုဆိုးတယ်။ နေထိုင်ဖို့ကအစ စဉ်းစားရမှာပေါ့။”

တိုက်ပွဲပြင်းထန်ချိန်က ဆိုင်းတောင်ရွာထဲက ရပ်ကွက် ၁၊ ၂၊ ၃၊ ၄၊ ယူမာ၊ ဆန်းကြွယ်၊ မှော်တောင်း၊ ဖားပြင်၊ ကျောက်သွေးတောင်ရပ်ကွက် စတဲ့ဒေသတွေက ဒေသခံ ၅၀၀၀ ကျော် စစ်ရှောင်ခဲ့ရပြီး နီးစပ်ရာ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းနဲ့ ဆွေမျိုးအိမ်တွေအပြင် တောတောင် ယာခင်းတွေထဲမှာ တိမ်းရှောင်ခဲ့ကြရတာ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၉ ရက်နေ့ကတည်းက KIA၊ KPDF ပူးပေါင်းတပ်တွေ ဖားကန့်မြို့ပတ်လည်ကို ဝန်းရံပိတ်ဆို့ထားပြီး ဖားကန့်တပ်မကုန်းကို သွားရောက်ပစ်ခတ်မှုတွေရှိခဲ့ပြီးနောက် ဖားကန့်မြို့ပေါ်က ဒေသခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး အခုချိန်ထိ နေရပ်မပြန်နိုင်သေးပါဘူး။

လတ်တလော ဖားကန့်မြို့နယ်အတွင်းက ကုန်ဈေးနှုန်းကြီးမြင့်တာအပြင် ဖုန်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် ဒေသခံတွေ သတင်းအချက်အလက် ရရှိမှုအခက်အခဲဖြစ်နေပြီး လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ်ကို စိုးရိမ်နေကြဆဲ ဖြစ်ပါတယ်။

ဟန်န

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013