ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်းလေးကန် အနောက်ဘက်ခြမ်းက ကနုရွာနဲ့ ကန်လှ ကျေးရွာတို့မှာ နိုဝင်ဘာ ၂ ရက်က လေပြင်းတိုက်ခတ်လို့ နေအိမ် ၄၀ ကျော်ပျက်စီးခဲ့ရပြီး ပြန်ပြင်နိုင်ဖို့အတွက် အခက်ခဲဖြစ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကနုရွာနဲ့ ကန်လှရွာက ဒေသခံတွေဟာ စက်တင်ဘာလနဲ့ အောက်တိုဘာလတုန်းက ရေကြီးပြီး နေအိမ်အပေါ်ထပ်အထိ ရေဝင်လို့ ၂ လနီးပါး ရေဘေးရှောင်နေခဲ့ရပြီး အခု လေပြင်းတိုက်တာကြောင့်လည်း နေအိမ်တွေ အမိုးလန်တာ၊ ပြိုကျတာအထိ ဖြစ်ခဲ့တာပါ။
ဒေသခံတယောက်က “ရေးဘေရှောင်ပြီး ခုလိုထပ်ဖြစ်တော့ တပူပေါ်နှစ်ပူဆင့်သလို ဖြစ်သွားတယ်။ ခု အမျိုးအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေမှာ နေနေကြရတယ်။ မိုးလည်းဆက်တိုက် ထပ်ရွာတော့ ပြန်မပြင်နိုင်ကြသေးဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၆ ရက်နေ့စပြီး ဒီနေ့ထိ မိုးအဆက်မပြတ်ရွာလို့ ရေလည်း ၃ လက်မကျော်ပြန်တက်နေပြီး ရေနောက်တခေါက် ပြန်ကြီးမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
ဒေသခံတယောက်က “မိုး နေ့၊ ည မနားတမ်း ပြန်ရွာတယ်။ အဆင်မပြေဘူး။ မိုးရွာပြီး ရေအရမ်းမြန်မြန်တက်တော့ ရေပြန်ကြီးမှာ ကြောက်တယ်။ အရင်နှစ်တွေဆို ဒီလိုရေအမြန်မတက်ဘူး။ ဒီနှစ်မှ ရေအမြန်တက်တယ်။ အင်းမှာနေတာအရမ်းကြာပြီ။ ဒီလိုရေကြီးတာ မကြုံဖူးတော့ ကြောက်ဖို့ တောင်ကောင်းတယ်” လို့ ပြောပါတယ်။
စက်တင်ဘာလအတွင်း ရှမ်းပြည်တောင်ပိုင်းက လွိုင်လင်ခရိုင်၊ တောင်ကြီးခရိုင်တို့က မြို့နယ် ၁၁ ခုမှာ ရေကြီးတာကြောင့် ဒေသခံနေအိမ်တွေအပါအဝင် အဆောက်အဦ ၁၀၈၁ ခု ပျက်စီးပြီး လူ အယောက် ၁၄၀ သေဆုံးခဲ့ရတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး PYO က ထုတ်ပြန်ထားပါတယ်။