စပိန်နိုင်ငံ အရှေ့ပိုင်းမှာ ရေကြီးရေလျှံမှုတွေကြောင့် အနည်းဆုံး လူ ၈၉ ဦး ပျောက်ဆုံးနေကြောင်း ဗလင်စီယာရှိ ဒေသဆိုင်ရာ တရားရေးအာဏာပိုင်တွေက နိုဝင်ဘာ ၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဝန်ကြီးချုပ် ပေဒရို ဆန်းချက်ဇ်က ဒုက္ခသည်တွေကို ကူညီဖို့ ယူရို ၁၀.၆ ဘီလီယံ (ဒေါ်လာ ၁၁.၆ ဘီလီယံ) လျာထားတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့ပြီး ဗာလန်စီယာမြို့ တောင်ဘက် ဆင်ခြေဖုံးတွေမှာ ရုတ်တရက် ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ခဲ့လို့ မော်တော်ကားတွေနဲ့ တံတားတွေ ရေမျောပါသွားခဲ့ပြီး နေအိမ် အဆောက်အအုံတွေ နဲ့ မြေအောက် ကားပါကင်တွေ ရေလျှံနစ်မြုပ်ကုန်ပါတယ်။
ဗာလန်စီယာ၊ ကာစ်တီးလ် လာမန်ချာနဲ့ အန်ဒါလူစီယာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ အနည်းဆုံး လူ ၂၁၇ ဦး သေဆုံးခဲ့ပြီး ၁၃၃ ဦးသာ ဘယ်သူဘယ်ဝါ ဖော်ထုတ်နိုင်ပါသေးတယ်။
သေမှုသေခင်း စစ်ဆေးသူတွေဟာ အလောင်းခွဲစိတ် စစ်ဆေးမှု ၁၉၅ ကြိမ် ပြုလုပ်ခဲ့ပြီး အလောင်း ၆၂ လောင်းကို ဘယ်သူဘယ်ဝါ ဖော်ထုတ်နိုင်ဖို့ စောင့်ဆိုင်းဆဲ ဖြစ်ကြောင်း တရားရုံးက ပြောပါတယ်။
စပိန်အမျိုးသား အစောင့်တပ်ဖွဲ့ဟာ အလောင်းတွေကို ဖော်ထုတ်ဖို့အတွက် ပျောက်ဆုံးနေသူတွေရဲ့ ဆွေမျိုးတွေကို DNA နမူနာတွေ ပံ့ပိုးပေးဖို့ နိုဝင်ဘာ ၅ ရက်မှာ တောင်းဆိုခဲ့ပါတယ်။
Source: Reuters