Home
နိုင်ငံတကာ
စပိန်တွင် မိုးသည်းထန် ရေကြီးပြီး အနည်းဆုံး လူ ၅ ဦး ပျောက်ဆုံးနေ
DVB
·
October 30, 2024
Photo-REUTERS / BOMBERS VALENCIA HANDOUT

စပိန်နိုင်ငံ အရှေ့တောင်ပိုင်းကိုဖြတ်ပြီး အအေးလွန်ကဲတဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့တွေနဲ့ လမ်းတွေ ရေကြီးရေလျှံဖြစ်ပြီး အောက်တိုဘာ ၂၉ ရက်က အနည်းဆုံး လူ ၅ ယောက် ပျောက်ဆုံးနေပါတယ်။

ဘေးဒဏ်အဆိုးဆုံးခံရတဲ့ နယ်မြေဧရိယာတွေက အာဏာပိုင်တွေက မြို့ခံပြည်သူတွေကို အိမ်ထဲမှာပဲ နေကြဖို့၊ မလိုအပ်ဘဲ ခရီးသွားလာခြင်းတွေကို ရှောင်ကြဉ်ကြဖို့ နှိုးဆော်ထားပါတယ်။

စပိန်နိုင်ငံပိုင် မိုးလေဝသအေဂျင်စီ AEMET ဟာ ဗလင်စီယာအရှေ့ပိုင်းဒေသမှာ အနီရောင်သတိပေးချက် ထုတ်ပြန်ထားပြီး တောင်ပိုင်းရှိ အန်ဒါလူစီယာ ဧရိယာရှိ ဒေသတွေမှာ ဒုတိယအမြင့်ဆုံး သတိပေးချက်အဆင့် ထုတ်ပြန် ကြေညာထားပါတယ်။

အန်ဒါလူစီယာနယ်မြေမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရထားတစင်း လမ်းချော်သွားခဲ့ပေမဲ့လည်း ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း သိရပါတယ်။

အန်ဒါလူစီယာ ဧရိယာထဲရှိ အလိုရာမြို့လေးမှာလည်း ဂွာဒါလို့စီ မြစ်ရေလျှံကာ လူ ၁၄ ယောက်ကို မီးသတ်သမားတွေက ကယ်ဆယ်ခဲ့ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

မိုးရွာသွန်းမှုကြောင့် အာဏာပိုင်တွေဟာ မက်ဒရစ်မြို့တော်ကြီးနဲ့ ဗလင်စီယာကြား ဆက်သွယ်တဲ့ အမြန်ရထားလမ်းကြောင်းကို ဖြတ်တောက်ခဲ့ရပါတယ်။

ဗလင်စီယာဒေသရှိ ကာလက် အသိုင်းအဝိုင်းနဲ့ တခြားအနီးနားရှိ မြို့တချို့တို့မှာ စာသင်ကျောင်းတွေ၊ တရားရုံးတွေနဲ့ တခြား မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုဌာနတွေကို ရပ်ဆိုင်းထားပါတယ်။

မုန်တိုင်းကြောင့် ကောက်ပဲသီးနှံတွေ သိသိသာသာ ပျက်စီးသွားတယ်လို့ ASAJA တောင်သူလယ်သမားအသင်းက ပြောပါတယ်။

မုန်တိုင်းဟာ အန်ဒါလူစီယာကို ပထမဆုံး ဝင်တိုက်ခတ်ခဲ့တာဖြစ်ပြီး ကျယ်ပြောလှတဲ့ ဖန်လုံအိမ်တွေကြောင့် လူသိများတဲ့ မြေထဲပင်လယ်ရှိ အယ်လ်ဟီဒို မြူနီစီပယ်နယ်မြေမှာ မိုးသီးမုန်တိုင်းကြောင့် ရာနဲ့ချီတဲ့ ကားလေကာမှန်တွေ ကျိုးပျက်ကုန်ကာ ပလတ်စတစ် ဖန်လုံအိမ် အခြေခံအဆောက်အအုံ အများစု ပျက်စီးခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013