Home
မြန်မာသတင်း
အင်းလေးဒေသက ရိုးရာကြံသကာထုတ်လုပ်ငန်းများ ဆက်လက်ရှင်သန်ရန်ခက်ခဲလာ 
DVB
·
January 17, 2025

အင်းလေးကန်ရေမြင့်တက်လာတာကြောင့် ကြံစိုက်ပျိုးထုတ်လုပ်တဲ့လုပ်ငန်းတွေကို ထိခိုက်လာစေပြီး လုပ်သားရှားပါးလာတာကလည်း ရိုးရာကြံသကာထုတ်လုပ်တဲ့လုပ်ငန်းအတွက် ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာပြီး ကွယ်ပျောက်သွားမှာ စိုးရိမ်စရာ ဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်က အင်းရေပြင်စံချိန်တင်မြင့်တက်ခဲ့တဲ့အတွက် ကြံစိုက်ခင်းတွေ ပျက်စီးကုန်တာ ကြောင့် အထွက်နှုန်းတွေလျော့ကျခဲ့ပြီး ကြံသကာဈေးနှုန်းတွေလည်း ထက်ဝက်ထိမြင့်တက်လာ ပါတယ်။

သလဲဦးရွာမှ ကြံသကာထုတ်လုပ်သူတောင်သူတယောက်က “ဒီတနှစ်ကရေမြှုပ်တဲ့နေရာကျတော့ သီးနှံတွေ ပျက်ကုန်တယ်လေ။ ပျက်တော့ထွက်နှုန်းလျော့ သွားတာပေါ့။ တချို့ဆို လုံးဝပျက်သွားတာလေ။ ပြီးခဲ့တဲ့နှစ်က ၁၀ တန်ထွက်မယ့်ဟာက ဒီနှစ်က ၇ တန်၊ ၈ တန်လောက် ပဲထွက်မယ်။ တဧကကို။ ဈေးနှုန်းကျတော့ လက်လီဈေးကျတော့ ၅၅၀၀ ပေါ့။ ဖောက်သည် ဈေးကျတော့ ၄၅၀၀ ။  ကြံသကာက ဈေးကောင်းပေမဲ့ လုပ်အားခကဈေးကြီးတော့ သိပ်မကွာဘူးပေါ့။ ပြီးခဲ့တဲ့နှစ်နဲ့ လေ။ မနှစ်ကကြံသကာဈေးက ၂၅၀၀ လောက်ရှိတယ်လေ။ ဒီတနှစ်ကျတော့ ကုန်ဈေးနှုန်းတအားတက်တော့ ကြံသကာဈေးနှုန်းလည်း လိုက်တက်သွားတာပေါ့”လို့ ပြောပါတယ်။

အင်းလေးဒေသမှာ ကြံသကာထုတ်လုပ်သူတောင်သူတွေက ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်ကြတာဖြစ်ပြီး တနှစ်ကို ကြံသကာထုတ်လုပ်ချိန် ၄ လတာကြာမြင့်တာဖြစ်ပါတယ်။

ကြံက တနှစ်ပါတ်လုံးစိုက်ပျိုးတဲ့သီးနှံဖြစ်ပြီး  ထောင်တစ်၊ ထိန်ဝမ်၊ မလေးရှား၊ ရွေး - ၁၊ ရွေး - ၂၊ ကျောက်စိမ်းစတဲ့မျိုးတွေကို အသုံးပြုကြပါတယ်။

အင်းလေးဒေသမှာ ကြံသကာထုတ်လုပ်တဲ့ ကြံတောင်သူ ၁၀၀  နီးပါးရှိပြီး အခုလိုရာသီမှာ အင်းလေးကန်ဇောင်းတလျှောက်က သလဲဦးရွာအပါအဝင် ကျေးရွာအသီးသီးမှာ မီးခိုးတလူလူနဲ့ ကြံရည်ကျိုချက်ပြီး ကြံသကာထုတ်လုပ်နေကြတာကို ရွာစဥ်တလျှောက်တွေ့မြင်ရမှာဖြစ်ပါတယ်။

ကြံသကာက မိရိုးဖလာရိုးရာအစားအစာဖြစ်ပြီး အလှူအတန်းတွေမှာလည်း မပါမဖြစ်တဲ့ အလှူပစ္စည်းတမျိုး ဖြစ်ပါတယ်။

အင်းလေးဒေသခံတယောက်က “ရိုးရာအစားအစာပေါ့၊ ကြံသကာ၊ စားကြတယ်။ ငယ်ငယ်ထဲက၊ ကြံပုံတွေ၊ မီးခိုးထွက်နေတာ ကြံသကာလုပ်နေတာပဲ။ ကောက်ညှင်းလေးနဲ့ ယာဂုထိုးပေါ့။ တပို့တွဲလပြည့်နေ့ဆိုရင် ဘုရားပေါ်မှာ  လှူကြပေါ့။ အလှူအတွက်ပေါ့။ လပြည့်နေ့”လို့ ပြောပါတယ်။

ကြံသကာရဖို့အတွက် ကြံကိုကြိတ်ယူပြီးရလာတဲ့ကြံရည်ကို မီးနဲ့ချက်လုပ်ပြီး ထုတ်လုပ်ကြတာပါ။ ကြံသကာထုတ်လုပ်ဖို့အတွက် အပင်ကိုခုတ်ယူကြတဲ့ ကြံရိတ်သိမ်းချိန်ကစလို့ ကြံသကာ ထုတ်လုပ်တဲ့ လုပ်ငန်းအဆင့်ဆင့်မှာ လုပ်သားလိုအပ်ချက်ရှိပေမဲ့ လုပ်သားအများစုက ပြည်ပကို ထွက်ခွာသွားကြတာက မိရိုးဖလာကြံသကာထုတ်လုပ်တဲ့လုပ်ငန်းအတွက် စိုးရိမ်စရာဖြစ်လာ ပါတယ်။

ကြံသကာထုတ်လုပ်တဲ့ တောင်သူတယောက်က “အဓိကကတော့ အလုပ်သမားပေါ်မှာမူတည်တယ်။ အလုပ်သမားခက်ခဲရင်လည်း တခြားလုပ်ငန်းကို ပြောင်းသင့်ရင်လည်းပြောင်းရမှာပေါ့။ အလုပ်သမားကျတော့ တချို့တွေက ပြည်ပတွေကို ထွက်ကုန်တယ်။ ကျနော်တို့ကျတော့ ကြံရာသီက အလုပ်ပင်ပန်းတယ်။ မနက်ဆိုရင် ၄ နာရီလောက်ထရတယ်။ တော်တော်နဲ့ အလုပ်သမားတွေ မလုပ်ချင်ကြဘူး။ ပင်လည်းပင်ပန်းတယ်”လို့ ပြောပါတယ်။

နှစ်ပေါင်း ၅၀ ကျော်အတွင်း အင်းလေးရေပြင်စံချိန်တင်မြင့်တက်လာပြီးတဲ့နောက် ကြံစိုက်ခင်းတွေ အပါအဝင် တခြားသီးနှံစိုက်ခင်းတွေပျက်စီးခဲ့တဲ့အတွက် အင်းလေးဒေသကြံစိုက်ပျိုးမှုနဲ့အတူ သီးနှံစိုက်ပျိုး ထုတ်လုပ်တဲ့လုပ်ငန်းကို ခြိမ်းခြောက်လာတာဖြစ်ပါတယ်။

ဒါ့အပြင် အလုပ်ကိုင်ရှားပါးလာသလို စစ်မှုမထမ်းမနေရအခြေနေတွေအပြင် ဒေသတွင်း ပေါ်တာဆွဲတာ၊ စစ်ရေးကြောင့် လုံခြုံမှုမရှိတာတွေက အင်းလေးဒေသကိုစွန့်ခွာသူ လူငယ်လူရွယ်တွေများပြားလာတာက မိရိုးဖလာ ကြံသကာလုပ်ငန်းအပြင် အင်းလေးရိုးရာ အမွေနှစ်လုပ်ငန်းတွေ တိမ်ကောပျောက်ကွယ်လာမယ့်အရေးနဲ့ ရင်ဆိုင်နေရ ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013