ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာမှာ စစ်တွေမြို့အခြေစိုက် စစ်ကောင်စီ တပ်ရင်းတွေက ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲပြီး ဇန်နဝါရီ ၁၆ ရက်က မီးလောင်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တွေအခြေစိုက် ခလရ ၂၀၊ ရွှေမင်းဂံရေတပ်၊ အမှတ် ၁၂ ရဲတပ်ရင်းတွေက စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် ကျေးရွာတွေကို ဇန်နဝါရီ ၁၆ ရက်က တနေ့လုံး လက်နက်ကြီးပစ်ခတ်ခဲ့ပြီး စပါးထားကျေးရွာအတွင်း ကျည်အချို့ ကျရောက်ပေါက်ကွဲခဲ့ကာ နေအိမ် ၉ ဆောင်ထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“စပါးထားကျေးရွာအထဲကို လက်နက်ကြီးကျည်တချို့ ကျရောက်ပေါက်ကွဲပြီးတော့ မီးလောင်မှုဖြစ်တာ။ နေအိမ်ကတော့ ၉ ဆောင်လောက် ပျက်စီးသွားတယ်။ ကျေးရွာသားတွေက စစ်ရှောင်နေကြတာဆိုတော့ အရပ်သားထိခိုက်မှုတော့ မရှိဘူး။”
စစ်ကောင်စီက စပါးထားကျေးရွာအနီးရှိ ဝါဘိုကျေးရွာကိုလည်း ဇန်နဝါရီ ၁၆ ရက် မနက်ပိုင်း ၃ နာရီကျော်မှာ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်ဟာ အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ မြို့နယ်တခုဖြစ်ပြီး စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့အကြား နှစ်ဖက်စစ်ဆိုင်ထားကြကာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေပါတယ်။
စစ်တွေမြို့နယ်အတွင်းမှာ လက်နက်ကြီးသံတွေ ဆက်တိုက်ကြားလာနေကြတာကြောင့် ငွေကြေးတတ်နိုင်တဲ့ မြို့ခံတချို့ဟာ ရန်ကုန်နဲ့ ပြည်မဘက်ကို လေယာဉ်နဲ့ တိမ်းရှောင်မှုတွေ ရှိလာကြတယ်လို့ စစ်တွေမြို့ခံက ပြောပါတယ်။
“စစ်တွေမှာ ပစ်ခတ်သံတွေ ဆက်တိုက်ကြားလာတော့ မြို့ခံတွေက တိုက်ပွဲဖြစ်လာတော့မှာကို စိုးရိမ်မှုတော့ ရှိကြတယ်။ အဲဒါကြောင့်လည်း ငွေကြေးတတ်နိုင်သူတချို့ကတော့ ရန်ကုန်နဲ့ ပြည်မဘက်ကို လေကြောင်းကနေ ရွှေ့ပြောင်းနေကြပြီ။ ငွေကြေးမတတ်နိုင်သူတွေကတော့ တိုက်ပွဲအတွင်းက တခုခုကို တိမ်းရှောင်ဖို့ ကြိုးစားရမယ့်သဘောရှိတယ်။ စစ်ကောင်စီကတော့ စစ်တွေမြို့ လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ချထားတယ်။”
ရခိုင်တိုက်ပွဲ တနှစ်ကျော်အတွင်း အာရက္ခတပ်တော်က မြို့နယ် ၁၅ ခုကို သိမ်းပိုက်လိုက်ပြီးနောက်မှာ စစ်ကောင်စီက စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ် ၃ ခုတည်းကိုသာ ထိန်းချုပ်ထားနိုင်တော့တာဖြစ်ပြီး အဲဒီမြို့နယ်တွေ သိမ်းပိုက်မခံရဖို့ အင်အားဖြည့်တင်း နေပါတယ်။