Home
နိုင်ငံတကာ
တရုတ်တွင် အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါအသစ် ထွက်ပေါ်ခြင်းမဟုတ်ဟု ပညာရှင်ပြော
DVB
·
January 15, 2025
Photo-Reuters

တရုတ်နိုင်ငံတဝန်းမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်မှုတွေဟာ လူသိများပြီးသား ရောဂါပိုးမွှားတွေကြောင့် ကူးစက်နေတာဖြစ်ပြီး ကူးစက်ရောဂါအသစ်တွေ ထွက်ပေါ်လာတာ မရှိဘူးလို့ ပေကျင်းမြို့တော်ရှိ တရုတ်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာက သုတေသနအဖွဲ့ဝင် သုတေသီ ဝမ်လိပင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တရုတ်မှာ ဆောင်းဦးနဲ့ ဆောင်းရာသီတို့ဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေ အတွက် အထွတ်အထိပ်ရာသီဖြစ်ပြီး ရောဂါပိုးမွှား အမျိုးမျိုးကြောင့် ဒီရောဂါတွေ ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။

သုတေသီ ဝမ်လိပင်းက “ကျမတို့ရဲ့ စောင့်ကြည့်စစ်ဆေးမှုအရ တုပ်ကွေးက ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေကြောင့် လူနာတွေ ဆေးကုဖို့ ဆေးရုံဆေးခန်းတွေဆီ ရောက်လာရတဲ့ အဓိကရောဂါပါ။ အချက်အလက်တွေအရ တုပ်ကွေးဟာ ရာသီအလိုက် ကူးစက်ပျံ့နှံ့နေပြီး နိုင်ငံတဝန်းက ပြည်နယ်အများစုမှာ ကပ်ရောဂါပြင်းထန်မှု အလယ်အလတ်အဆင့်မှာ ရှိနေပါတယ်” လို့ ပြောပါတယ်။

တရုတ်နိုင်ငံက မူလတန်းနဲ့ အလယ်တန်းကျောင်းတွေမှာ ဆောင်းရာသီ အားလပ်ရက်အတွက် တဖြည်းဖြည်း ကျောင်းစပိတ်နေပြီဖြစ်လို့ တုပ်ကွေးရောဂါကူးစက်မှုနှုန်း မြင့်တက်လာတာတွေက ပြန်နှေးကွေး ကျဆင်းသွားနိုင်တယ်လို့လည်း သူက ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

ဟူးမန်း မက်တာနူမို ဗိုင်းရပ်စ် (HMPV) ပေါ်နေတာ အနည်းဆုံး ဆယ်စုနှစ်ဝန်းကျင် ရှိနေပြီဖြစ်လို့ ဗိုင်းရပ်စ်အသစ်မဟုတ်ဘဲ ထောက်လှမ်းတဲ့ နည်းလမ်းတွေ ဖွံ့ဖြိုးတိုးတက်လာလို့သာ HMPV နဲ့ ပတ်သက်တဲ့ ကူးစက်မှု အစီရင်ခံစာတွေက မကြာသေးမီနှစ်တွေအတွင်းမှာ များလာခဲ့တာလို့လည်း သုတေသီ ဝမ်လိပင်းက ဆက်ပြောပါတယ်။

နိုဗယ်ကိုရိုနာဗိုင်းရပ်စ် အပါအဝင် တခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးတွေက ကူးစက်မှု အတော်လေးနည်းတယ်လို့လည်း သိရပါတယ်။

သုတေသီ ဝမ်လိပင်းက “အတိုချုပ်ပြောရရင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ အမျိုးမျိုးဟာ ဒီနှစ် ဆောင်းနဲ့ နွေဦးရာသီတွေမှာ အလှည့်ကျ ဒါမှမဟုတ် တပြိုင်တည်း ပျံ့နှံ့နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ ရောဂါပိုးတွေ အားလုံးကို သိထားပြီး ကူးစက်ရောဂါသစ်တွေ ထွက်မလာသေးပါဘူး။ ကူးစက်ရောဂါ ပြင်းထန်မှုနဲ့ ဆေးဘက်ဆိုင်ရာ ဖိအားတွေ၊ လည်ပတ်မှုတွေဟာ မနှစ်ကထက် ပိုများမှာ မဟုတ်ပါဘူး” လို့လည်း ပြောပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013