Home
မြန်မာသတင်း
KIA ထိန်းချုပ်နယ်မြေက မြေရှားသတ္တုများကို တရုတ်ဘက် တင်ပို့ခြင်းမရှိ
DVB
·
January 10, 2025
Photo-M

ပန်ဝါဒေသ အပါအဝင် ကချင်လွတ်လပ်ရေးတပ်မတော်  (KIA) ထိန်းချုပ်နယ်မြေက မြေရှားသတ္တုတွေကို လက်ရှိအထိ တရုတ်ဘက် တင်ပို့တာမျိုး မရှိသေးသလို သတ္တုဆိုက်တချို့ ရပ်ထားဆဲဖြစ်ကြောင်း ဒေသခံတွေနဲ့ မြေရှားသတ္တုလုပ်သားတွေဆီက သိရပါတယ်။

ဒေသခံတယောက်က “ပန်ဝါဘက်က အစားအသောက်တွေက အကုန် ပေးဖြတ်တယ်။ ဒါပေမဲ့ အဲဒီ သတ္တုကားတွေ ပေးမဖြတ်သေးဘူး။ ဒီ ဓာတ်မြေဩဇာတွေလည်း ပေးမဖြတ်သေးဘူး” လို့ ပြောပါတယ်။

သတ္တုဆိုက်တွေကလည်း အရင် လုပ်လက်စအဟောင်းတွေ လုပ်နေတာပဲရှိကာ အသစ်တွေ ထပ်မလုပ်ခိုင်းသေးဘူးလို့ သတ္တုဆိုက်မှာ လုပ်နေသူ အမျိုးသားတယောက်က ပြောပါတယ်။

နယ်စပ်ဂိတ်ကတော့ ပြန်ဖွင့်နေပြီ ဖြစ်ပေမဲ့ ကုန်တွေကတော့ ပို့တာ မတွေ့သေးဘဲ လူတွေ ပစ္စည်း ပေါ့ပေါ့ပါးပါးလေးတွေနဲ့ ဖြတ်သန်းသွားလာနေကြတာတော့ တွေ့ရတယ်လို့ ဆိုပါတယ်။

“မြေရှားသတ္တုတွေ တရုတ်ဘက် သယ်ထုတ်လို့ မရသေးဘူး။ တရုတ်ဘက်ကနေ မြန်မာဘက် အဝင်က ဟင်းသီးဟင်းရွက်ကားတွေလောက်ပဲ ဝင်လို့ရတယ်” လို့ သူက ပြောပါတယ်။

အလုပ်ဆိုက်တွေ ကောင်းကောင်း မလည်ပတ်သေးတဲ့အပြင် လောင်းကစားဝိုင်းတွေပါ ပိတ်ထားတာကြောင့် အလုပ်ရှားပါးနေတယ်လို့ ဆိုပါတယ်။

မိုင်ဂျာယန်အနီးက မြေရှားသတ္တုဆိုက်မှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတယောက်က “အခုလောလောဆယ်က တရုတ်လမ်းပိတ်လို့ လုပ်ငန်း ခဏနားထားတယ်။ ကျမတို့ လောပန်းကလည်း တရုတ်ဘက် ပြန်သွားတယ်။ သူ မြန်မာဘက်ပြန်လာမှ အလုပ် ပြန်ဆင်းရမယ်” လို့ ပြောပါတယ်။

လိုင်ဇာနယ်စပ်ဂိတ်လည်း ဖွင့်ထားပေမဲ့ ဖြတ်သန်းသွားလာတာမျိုး မတွေ့သေးဘူးလို့ လိုင်ဇာ ဒေသခံတယောက်က ပြောပါတယ်။

လွယ်ဂျယ်နဲ့ ကံပိုင်တည် နယ်စပ်ဂိတ်ကနေတော့ တစ်သျှူးငှက်ပျောတွေ တင်ပို့လို့ရတယ်လို့ ဆိုပါတယ်။

တရုတ်-မြန်မာ နယ်စပ်တလျှောက်က နယ်စပ်ဂိတ်တွေနဲ့ မြေရှားသတ္တုထွက်ရှိရာ ဒေသတွေကို ၂၀၂၄ မတ်လကနေ နိုဝင်ဘာလအတွင်း KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက် ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013