Home
နိုင်ငံတကာ
တိဘက်တွင် ပြင်းအား ၆ ဒသမ ၈ ရှိ ငလျင်လှုပ်၊ သေဆုံးသူ ၅၀ ကျော်ရှိလာ 
DVB
·
January 7, 2025
Photo : SocialMedia

တရုတ်နိုင်ငံ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဟိမဝန္တာတောင်ခြေရှိ အမြင့်မြတ်ဆုံးမြို့တခု ဖြစ်တဲ့  ရှီဂါဇဲ့မြို့၊ တင်းဂရီစီရင်စုမှာ ဇန်နဝါရီ ၇ ရက်က ပေကျင်းစံတော်ချိန် မနက် ၉ နာရီ ၅ မိနစ်မှာ ပြင်းအား ၆ ဒသမ ၈ အဆင့်ရှိ ငလျင်တခု လှုပ်ခတ်သွားပါတယ်။

ငလျင်ကြေင့် အင်္ဂါနေ့ ၁၂ နာရီခွဲအထိ လူပေါင်း ၅၃ ယောက် သေဆုံးထားပြီး ၆၂ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း တိုင်းဒေသကြီး သဘာဝဘေးကယ်ဆယ်ရေး ဌာနချုပ်ကနေ သိရပါတယ်။

နေအိမ် ၁,၀၀၀ ကျော်လောက် ပျက်စီးမှု အတိုင်းအတာ အမျိုးမျိုးရှိခဲ့ကြောင်းလည်း ဆိုပါတယ်။ အိမ်နီးချင်း နီပေါ၊ ဘူတန်နဲ့ အိန္ဒိယနိုင်ငံတို့ရှိ အဆောက်အအုံတွေလည်း တုန်ခါသွားပါတယ်။

ငလျင်ဗဟိုချက်ကို မြောက်လတ္တီကျု ၂၈ ဒသမ ၅ ဒီဂရီနဲ့ အရှေ့လောင်ဂျီကျု ၈၇ ဒသမ ၄၅ ဒီဂရီမှာ တွေ့ရှိခဲ့ပြီး ငလျင်ဟာ အနက် ၁၀ ကီလိုမီတာမှာ လှုပ်ခတ်ခဲ့ကြောင်း တရုတ်ငလျင်ကွန်ရက်စင်တာမှ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။

ငလျင်ဗဟိုချက်ဟာ ဧဝရတ်ဒေသကို မြောက်ဘက်တံခါးပေါက်လို့ သိကြတဲ့ တင်းဂရီစီရင်စုရဲ့ ဆိုဂိုမြို့နယ်မှာ ရှိနေပြီး သူ့ရဲ့ ၂၀ ကီလိုမီတာ အချင်းဝက်အတွင်း လူဦးရေ ၆,၉၀၀ လောက် ရှိပါတယ်။

အဲဒီဒေသမှာ ရွာပေါင်း ၂၇ ရွာရှိပြီး တင်းဂရီမှာ လူဦးရေ ၆၁,၀၀၀ ကျော်ရှိကြောင်း တရားဝင် အချက်အလက်တွေအရ သိရပါတယ်။

ငလျင်လှုပ်ခတ်ပြီးနောက်မှာ တရုတ်မြေငလျင်အုပ်ချုပ်ရေးအဖွဲ့ဟာ အဆင့် ၂ အရေးပေါ်တုံ့ပြန်ရေး ဝန်ဆောင်မှုကို စတင်ခဲ့ပြီး သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကူညီဆောင်ရွက်မယ့် လုပ်ငန်းအဖွဲ့တဖွဲ့ကို အဲဒီနေရာကို စေလွှတ်ခဲ့ပါတယ်။

ရှီးဇန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကလည်း ငလျင်အတွက် အဆင့် ၂ အရေးပေါ်တုံ့ပြန်မှုကို ထုတ်ပြန်ခဲ့ပါတယ်။

ဗဟိုအာဏာပိုင်တွေဟာ အမြင့်ပိုင်းနဲ့ အအေးပိုင်း ဒေသတွေအတွက် အထူးကယ်ဆယ်ရေး ပစ္စည်းတွေနဲ့အတူ ချည်ရွက်ဖျင်တဲတွေ၊ ချည်အင်္ကျီတွေ၊ စောင်တွေနဲ့ ခေါက်ခုတင်တွေ အပါအဝင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးပစ္စည်း ၂၂,၀၀၀ လောက်ကို ငလျင်ဒဏ်သင့်ဒေသကို ပို့ဆောင်ပေးခဲ့ပါတယ်။

ဒေသခံ မီးသတ်သမားတွေနဲ့ ကယ်ဆယ်ရေးလုပ်သားတွေ ၁,၅၀၀ ကျော်ကို မြေပြင်ကို စေလွှတ် ပို့ဆောင်ပေးခဲ့ပါတယ်။

အင်္ဂါနေ့ မနက်ပိုင်းမှာပဲ နီပေါနိုင်ငံ ခတ္တမန္ဒူချိုင့်ဝှမ်းမှာလည်း အင်အားပြင်းငလျင်တခု လှုပ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှု မရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

ဖြစ်ပျက်ခဲ့တာတွေကို စုံစမ်းရှာဖွေဖို့ နိုင်ငံတဝန်းရှိ ရဲတပ်ဖွဲ့က အကြောင်းကြားထားပြီး အခုအချိန်အထိ လူသေဆုံးမှုနဲ့ ပစ္စည်းတွေ ထိခိုက်ပျက်စီးမှုတွေကို သတင်းပေးပို့ခြင်း မရှိသေးဘူး လို့ နီပေါရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက မီဒီယာတွေကို ပြောပါတယ်။

နီပေါနိုင်ငံရဲ့ အမျိုးသား မြေငလျင်စောင့်ကြည့်ရေးနဲ့ သုတေသနစင်တာက အကြီးတန်း ငလျင်ဗေဒပညာရှင် လော့က် ဘီဂျယာ အဒ်ဟီကာရီကတော့ နီပေါငလျင်ဟာ ပြင်းအား ၇ ဒသမ ၀ ရှိကြောင်း ပြောကြားခဲ့ပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024