တိဘက်ဒေသမှာ ပြင်းအား ၆ ဒသမ ၈ ရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် သေဆုံးသူ ၁၂၆ ယောက်ထိ မြင့်တက်ခဲ့ပြီး ၁၈၈ ယောက် ဒဏ်ရာရခဲ့တယ်၊ ရာနဲ့ချီတဲ့အိမ်တွေ ပြိုကျခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။
ဟိမဝန္တာတောင်ခြေမှာ အားပြင်းငလျင် လှုပ်ခတ်ပြီးတဲ့နောက် တိဘက်ဒေသက ကယ်ဆယ်ရေးအဖွဲ့တွေဟာ ဇန်နဝါရီ ၇ ရက်မှာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေခဲ့ကြပါတယ်။
ကပ်ဘေးသင့်ဒေသမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ဗီဒီယိုဖိုင်ကို ဒေသခံ မီးသတ်နဲ့ ကယ်ဆယ်ရေးဌာနတွေက ထုတ်ပြန်ခဲ့ပါတယ်။ ဗီဒီယိုရိုက်ကူးခဲ့တဲ့ တည်နေရာကို သီးခြား အတည်မပြုနိုင်သေးပါဘူး။
ယူနီဖောင်းပေါ်က တံဆိပ်တွေက ကယ်ဆယ်ရေးဝန်ထမ်းတွေ ဝတ်ဆင်ထားတဲ့ ၀တ်စုံတွေနဲ့ ကိုက်ညီတာကို ဗီဒီယိုဖိုင်က သက်သေပြနေပါတယ်။
ဇန်န၀ါရီ ၇ ရက်က ဒေသတွင်း ငလျင်လှုပ်ခတ်မှု မှတ်တမ်းတွေကို ခိုင်လုံတဲ့ ဗီဒီယိုမှတ်တမ်းတွေနဲ့ အတည်ပြုခဲ့ပါတယ်။
ပြင်းအား ၆ ဒသမ ၈ ရှိတဲ့ ငလျင်ရဲ့ ဗဟိုချက်ဟာ ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်တဲ့ ဧဝရတ်တောင်ရဲ့ မြောက်ဘက် မိုင် ၅၀ အကွာမှာ ရှိပါတယ်။
ငလျင်ကြောင့် အိမ်နီးချင်း နီပေါ၊ ဘူတန်နဲ့ အိန္ဒိယနိုင်ငံတို့က အဆောက်အအုံတွေ တုန်ခါခဲ့ပါတယ်။
အင်္ဂါညနေ ၅ နာရီအထိ ရစ်ချ်တာစကေး ၃ အထိရှိတဲ့ ငလျင်အပြီး မြေပြင်တုန်ခါမှု ၁၉ ကြိမ် လှုပ်ခတ်ခဲ့ပါတယ်။
ရှာဖွေကယ်ဆယ်ရေး၊ ငလျင်သင့် ဒေသခံတွေ ပြန်လည်နေရာချထားရေးနဲ့ ပျက်စီးသွားတဲ့ အိမ်တွေ ပြန်တည်ဆောက်ရေးတို့အတွက် ဗဟိုသဘာဝကပ်ဘေး သက်သာရေး ရန်ပုံငွေထဲကနေ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၆ သန်းကို ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ အရေးပေါ် စီမံခန့်ခွဲရေး ဝန်ကြီးဌာနတို့က အရေးပေါ် ထုတ်ပေးခဲ့ပါတယ်။
Source-Reuters