ရှမ်းပြည်နယ်၊ သိန္နီမြို့အနီးမှာ ဒီဇင်ဘာ ၉ ရက် မနက်အစောပိုင်းက အင်အားရစ်ချ်တာစကေး ၄ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့မနက် မြန်မာစံတော်ချိန် ၃ နာရီ၊ ၂၈ မိနစ်၊ ၀၃ စက္ကန့်မှာ သီပေါမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၆၉ မိုင်ခန့် ကွာဝေးတဲ့ မြန်မာပြည်တွင်း သိန္နီမြို့ရဲ့ အရှေ့မြောက်ဘက် ၇ မိုင်ခန့်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်လှုပ်သွားတာလို့ ဆိုပါတယ်။
အဆိုပါ မြေငလျင်လှုပ်ခတ်မှုကြောင့် လူနေအိမ်တွေနဲ့ အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုရှိတဲ့ သတင်းတွေကတော့ မကြားသိရသေးပါဘူး။
ဒီဇင်ဘာ ၆ ရက် နေ့လယ် ၂ နာရီကျော်လောက်ကလည်း ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်ဘက် မိုင် ၃၀ ခန့်ကွာဝေးတဲ့ ရန်ကုန်တိုင်း တိုက်ကြီးမြို့ရဲ့ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင် လှုပ်ခဲ့ပါတယ်။
အလားတူ ဒီဇင်ဘာ ၂ ရက် မနက် ၁၁ နာရီကျော်ကလည်း ကျိုင်းတုံမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် ၂၁ မိုင်ခန့် ကွာဝေးတဲ့ ရှမ်းပြည်နယ် မိုင်းပြင်းမြို့ အရှေ့တောင်ဘက် ၁၈ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။