မြန်မာနိုင်ငံတဝန်း အောက်တိုဘာ ၃ ရက်ကနေ ၆ ရက်အထိ ၄ ရက်အတွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်၊ မိုးထစ်ချုန်း၊ မိုးကြိုးပစ်၊ ရေကြီးရေလျှံ၊ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်လာနိုင်တာကြောင့် သတိပြုဖို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
အနောက်ဘက်ကနေ ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့အရှိန်၊ အပူပျံတက်တိမ်တွေ ဖြစ်ထွန်းမှု အားကောင်းလာတာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းက လေဖိအားနည်းဆဲလ်ရဲ့အရှိန်နဲ့ အရှေ့ဘက်ကရွေ့လျားလာတဲ့ တိမ်တိုက်တွေကြောင့် မိုးကြီးပြီး လေပြင်းတိုက်ခတ်တာတွေပါ ဖြစ်ပေါ်နိုင်တာလို့ ဆိုပါတယ်။
ဒါ့ကြောင့် စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ချင်း၊ ရခိုင်၊ ကရင်နဲ့ မွန်စတဲ့ တိုင်းနဲ့ ပြည်နယ် ၈ ခုမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တချို့ဒေသတွေမှာတော့ ဒေသအလိုက်နဲ့ နေရာကွက်မိုးကြီးတာတွေေနဲ့အတူ လေပြင်းတိုက်ခတ်တာတွေပါ ဖြစ်ပေါ်နိုင်ကြောင်း ၊နေပြည်တော်၊ မန္တလေး၊ မကွေးတိုင်း၊ ပဲခူး၊ ရန်ကုန်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့မှာ နေရာကျဲကျဲက နေနေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုး/ဇလဌာနက ပြောထားပါတယ်။
အဲဒေသတွေက ကုန်းမြင့်ဒေသနားမှာ နေတဲ့သူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေနား နေတဲ့သူတွေအနေနဲ့ ရေကြီးရေလျှံမှုတာတွေကို ကြိုတင်သတိပြုရှောင်ရှားဖို့လည်း သတိပေးထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်ကတည်းက အင်အားပြင်း ယာဂီတိုင်ဖွန်းမုန်တိုင်း နောက်ဆက်တွဲ ရေကြီး ရေလျှံမှုတွေကြောင့် မြန်မာနိုင်ငံမှာ ရေဘေးသင့်ပြည်သူ ၁ သန်းကျော်အထိ ရှိလာနေပြီး ကနဦး ဆန်းစစ်ချက်တွေအရ အဲဒီထဲမှာ အမျိုးသမီးနဲ့ ကလေးသူငယ် ၆၀ ရာခိုင်နှုန်းနီးပါး ပါဝင်နေပါတယ်။