ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ လာမယ့် ၂၄ နာရီအတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်နိုင်တယ်လို့ မိုးဇလဌာနက စက်တင်ဘာ ၂၃ ရက် ဒီနေ့မနက် အထူးမိုးလေဝသသတင်း ထုတ်ပြန်ထား ပါတယ်။
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းဆဲလ်ဟာ အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းမှာ ဆက်လက်တည်ရှိနေပြီး အဆိုပါ လေဖိအားနည်းဆဲလ်ဟာ အနောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် ၂၄ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အဆိုပါလေဖိအားနည်းဆဲလ်ရဲ့ အရှိန်ကြောင့်လည်းကောင်း၊ မုတ်သုံလေ အားကောင်းနေတာကြောင့် ဒီနေ့မနက်က စက်တင်ဘာ ၂၅ ရက်နေ့အတွင်း နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်း၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်နဲ့ ကယားပြည်နယ်တို့မှာ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ နေရာကွက် မိုးကြီး လေပြင်းတိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်၊ လျှပ်တပြက် ရေကြီး၊ မြေပြိုစတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်လို့ ကုန်းမြင့်ဒေသ အနီးနေထိုင်ကြတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြ သူတွေ အနေနဲ့ ရေကြီး၊ ရေလျှံမှုတွေ ကြိုတင်သတိပြုရှောင်ရှားဖို့နဲ့ ပြည်တွင်းရေကြောင်း သွားလာရေးနဲ့ လေကြောင်းပျံသန်းရေးတွေ ကြိုတင်သတိပြုဖို့လည်း သတိပေးနှိုးဆော်ထားပါတယ်။