Home
မြန်မာသတင်း
ဘင်္ဂလားပင်လယ်အော်၌ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖြစ်နိုင်
DVB
·
May 24, 2024
wether 2452024

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာနိုင်ကာ နောက် ၆ နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်ပြီး မနက်ဖန်မှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်တယ်လို့ မိုးဇလဌာနက  မေ ၂၄ ရက်မနက်မှာ ထုတ်ပြန်ပါတယ်။

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ် အော်တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းသောလေဖိအားနည်းရပ်ဝန်းဟာ အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာ နောက် ၆ နာရီအတွင်း မုန်တိုင်းငယ်(Depression) အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားတာပါ။

ဒီနောက် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး မနက်ဖန် မေ ၂၅ ရက်မနက်မှာ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ  ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဖြစ်သို့ ရောက်ရှိနိုင်ကာ၊ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အဖြစ်သို့  အားကောင်းလာနိုင်တယ်လို့ ခန့်မှန်း ပါတယ်။

အဆိုပါ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ မေ ၂၆ ရက် ညနေပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဆက်စပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့ကို  ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မိုးကြီး လေပြင်းတိုက်ခတ်တာတွေဖြစ်နိုင်တယ်လို့  သတိပေးထားပါတယ်။

မြန်မာ့ပင်လယ်ပြင် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ် ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းကျ၊ လှိုင်းကြီးနိုင်ပြီး ရေပြင်/မြေပြင်လေဟာ  တနာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ ၉ ပေမှ ၁၂ ပေခန့် ရှိနိုင်ပါတယ်။ 

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာလည်း မကြာခဏ မိုးသက်လေပြင်းများကျရောက် လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ပြီး တနာရီလျှင် မိုင် ၅၀ မှ မိုင် ၆၀ အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့် ၁၃ ပေမှ ၁၆ ပေခန့် ရှိနိုင်တယ်လို့ ဆိုပါတယ်။ 

မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်း၊ လေပြင်းတိုက်၊ ရုတ်တရက်ရေကြီး၊ မြေပြို သဘာဝဘေးအန္တရာယ်တွေ ဖြစ်နိုင်လို့ ကုန်းမြင့်ဒေသနဲ့ မြစ်ငယ်၊ ချောင်း အနီး နေထိုင်သူတွေ၊ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ သင်္ဘောတွေ ကြိုတင်သတိပြုကြဖို့လည်း  အသိပေးနှိုးဆော်ထားပါတယ်။

Photo- မိုးဇလ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013