တောင်ကိုရီးယားအစိုးရဟာ သူ့နိုင်ငံရှိ “ချစ်ပ်” စီးပွားရေးလုပ်ငန်းအတွက် ဝမ် ၂၆ ထရီလီယံ (ဒေါ်လာ ၁၉ ဘီလီယံ) ထောက်ပံ့ရေး အစီအစဉ်ကို မေ ၂၃ ရက်မှာ ကြေညာလိုက်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ဆီမီးကွန်ဒတ်တာဈေးကွက်မှာ အဆီးအတားမဲ့ ပဋိပက္ခတွေ ရှိနေတဲ့အကြား ချစ်ပ်ဒီဇိုင်းနဲ့ ကန်ထရိုက် ထုတ်လုပ်ခြင်းလို နယ်ပယ်တွေမှာ ဆက်လက် လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယားသမ္မတ ယွန်ဆုခ်ယိုးလ်ဟာ မနေ့မနက်က အစည်းအဝေးတခု ကျင်းပခဲ့ပြီး ပက်ကေ့ဂျ်အောက်ရှိ ဆီမီးကွန်ဒတ်တာကုမ္ပဏီတွေမှ ရင်းနှီးမြှုပ်နှံမှုတွေကို ကျောထောက်နောက်ခံပြုပေးဖို့အတွက် အစိုးရပိုင် ကိုရီးယား ဖွံ့ဖြိုးတိုးတက်မှုဘဏ်မှ ဝမ် ၁၇ ထရီလီယံ တန်ဖိုးရှိ ငွေကြေးပံ့ပိုးမှု အစီအစဉ်ရှိကြောင်း ပြောသွားပါတယ်။
စက်ပစ္စည်းထုတ်လုပ်သူတွေနဲ့ ဆီမီးကွန်ဒတ်တာ ဒီဇိုင်းထုတ်ကုမ္ပဏီတွေကို ပံ့ပိုးပေးမယ့် ဝမ် ၁ ထရီလီယံ ရန်ပုံငွေကို တည်ထောင်မှာ ဖြစ်ကြောင်းလည်း သမ္မတယွန်းက ဖြည့်စွက် ပြောကြားပါတယ်။
ကမ္ဘာ့ထိပ်တန်း မမ်မိုရီချစ်ပ် ထုတ်လုပ်တဲ့ ဆမ်ဆောင်း အီလက်ထရောနစ်နဲ့ SK Hynix တို့ရဲ့ တည်ရှိရာ တောင်ကိုရီးယားနိုင်ငံဟာ ချစ်ပ်ဒီဇိုင်းနဲ့ ကန်ထရိုက် ချစ်ပ်ထုတ်လုပ်ခြင်းလို နယ်ပယ်တွေမှာ ပြိုင်ဘက်တချို့ရဲ့နောက်မှာ ကျန်နေခဲ့တာပါ။
ချစ်ပ်ဒီဇိုင်းထုတ်ပြီး ပြင်ပထုတ်လုပ်ရေး လုပ်ဆောင်တဲ့ အမေရိကန်ကုမ္ပဏီကြီး Nvidiaလို ကုမ္ပဏီတွေ ကြီးစိုးထားတဲ့ ကမ္ဘာလုံးဆိုင်ရာ ဆီမီးကွန်ဒတ်တာ ဒီဇိုင်းထုတ်ရေးနယ်ပယ်မှာ တောင်ကိုရီးယားရဲ့ ရှယ်ယာက ၁ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်လို့ သမ္မတယွန်းရဲ့ ရုံးခန်းက ပြောပါတယ်။
ပြည်တွင်း ချစ်ပ်ထုတ်လုပ်သူတွေနဲ့ ထိုင်ဝမ် TSMC လို ထိပ်တန်း ချစ်ပ်ထုတ်လုပ်သူ ကန်ထရိုက်တွေအကြား ကွာဟချက်လည်း ရှိနေတယ်လို့လည်း ဆိုပါတယ်။
Source/Photo - Reuters