Home
မြန်မာသတင်း
ပူတာအိုတွင် လမ်းပိတ်ထားသဖြင့် စားသောက်ကုန်နှင့် ဓာတ်ဆီရှားပါးပြတ်လပ် ဈေးတက် 
DVB
·
May 24, 2024
PutaO

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ထဲမှာ ဆွမ်ပရာဘွမ်မြို့ သိမ်းတိုက်ပွဲစတင်တဲ့ အချိန်ကတည်းက ပူတာအို-မြစ်ကြီးနားလမ်းကို ပိတ်ထားတာကြောင့် လက်ရှိ ပူတာအိုခရိုင်တခုလုံးမှာ ဓာတ်ဆီပြတ်မှုနဲ့ အခြေခံစားသောက်ကုန်တွေ စျေးနှုန်းမြင့်မားနေတယ်လို့ မြို့ခံတွေထံက သိရါတယ်။

လက်ရှိ ပူတာအိုမြို့မှာ ဓာတ်ဆီပုလင်း တလုံးကို ကျပ် ၁ သိန်းပေါက်စျေးရှိနေပြီး စားသောက်ကုန်တွေလည်း  ပုံမှန်ထက် ၃ ဆလောက် စျေးတက်သွားပါတယ်။

ပူတာအို ဒေသခံတဦးက “အခု ဓာတ်ဆီက မရှိတော့သလောက်ဖြစ်သွားပြီ။  မေ ၂၂ ရက်ကဆိုရင် ဓာတ်ဆီစျေးက ပုလင်းတလုံး ( တစ်လီတာ)ကို ကျပ် တသိန်းရောက်သွားပြီးတော့ ဆန်ကော တခြားအခြေခံစားသောက်ကုန်တွေ အကုန်စျေး တက်သွားပြီး ဓာတ်ဆီကနေစပြီး စျေးတက်လာတာ စားသောက်ကုန်တွေကလည်း  အရင်ကထက် သုံး၊ လေးဆ လောက်တက်သွားပြီ” လို့ ပြောပါတယ်။

ဓာတ်ဆီပြတ်လပ်တာကြောင့် ပူတာအိုမြို့မှာ ကားသံ၊ ဆိုင်ကယ်သံတွေ မကြားရတော့ဘဲ သွားလာဖို့ အတွက် စက်ဘီးကိုသာ အသုံးပြုနေကြတယ်လို့ သိရပါတယ်။

ဓာတ်ဆီ အခက်အခဲကြောင့် ပူတာအိုမြို့က လူမှုကူညီရေး အသင်းအဖွဲ့တွေ အပါအဝင် NGO အဖွဲ့အစည်းတွေလည်း လုပ်ငန်းတွေ ရပ်နားထားသလောက်ဖြစ်နေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“ဓာတ်ဆီပြတ်သလောက်ဖြစ်သွားပြီး လမ်းဘေးမှာလည်း မရောင်းတော့ဘူး၊ ရလည်း မရနိင်တော့ဘူးဆိုတော့ ကလေးတွေ စာသင်ဖို့ အပို့အကြိုကအစ အခက်အခဲဖြစ်နေတယ်။ ပြီးတော့ ပရဟိတ အသင်းတွေလည်း ဆီမရှိတော့ လူနာလည်း သွားမသယ်နိုင်ဘူး၊ ထော်လာဂျီလို ဒီဇယ်ယာဉ်တွေနဲ့ပဲရသလောက် သယ်နေရတယ်။ ဒီမှာရှိတဲ့ NGO တွေလည်း ဓာတ်ဆီဆိုင်ကယ်တွေ၊ ကားတွေနဲ့ပဲ ရွာတွေကို ဆင်းပြီး အလုပ်လုပ်ကြတော့ ဆီမရှိတော့ နားထားသလောက်ပဲ၊ NGO တွေလည်း နားထားရတယ်။ အစိုးရဝန်ထမ်းတွေက အစ လမ်းလျှောက် ဆိုင်ကယ်စီးတာပဲ ရှိတော့တယ်။”

လယ်ယာလုပ်ငန်းမှာ အသုံးပြုတဲ့ ဒီဇယ် စက်ယန္တရားတွေအတွက်တော့ လွန်ခဲ့တဲ့ လက စစ်ကောင်စီ ပြည်နယ်ဝန်ကြီးချုပ်လာရောက်စဉ်က တင်ပြနိုင်ခဲ့တာကြောင့် အဆင်ပြေနေတယ်တယ်လို့ သိရပါတယ်။

ပူတာအိုခရိုင်မှာ ကုန်စည် စီးဆင်းဖို့အတွက် အဓိက ကားလမ်းတခုသာရှိတာကြောင့် လက်ရှိအချိန်မှာ ဓာတ်ဆီပြတ်လပ်ပြီး စားသောက်ကုန်တွေ ကုန်စျေးနှုန်း မြင့်မားနေပြီ ပူတာအိုခရိုင် တလုံးအတွက် ကားလမ်းတွေဖွင့်ပေးဖို့ တောင်းဆိုချင်တယ်လို့ ပူတာအိုမြို့ခံက ပြောပါတယ်။

“ပူတာအိုက ကုန်စည်အတွက် အဓိက ကားလမ်းတခုပဲရှိတယ်၊ ဒီလမ်းကို ပိတ်ထားလိုက်တော့ ပူတာအို တခုတည်းမဟုတ်ဘူး နောင်မွန်၊ ခေါင်လန်ဖူး၊ ပန်နန်းဒင်တွေကအစ ကားလမ်းကနေပဲ ကုန်စည် စီးဆင်းတာဆိုတော့ ဒီလမ်းကို ပိတ်ထားလိုက်တော့ ဒီမှာပါတဲ့ မြို့နယ်တွေ အားလုံးလို အခက်အခဲဖြစ်နေတယ်။ ပူတာအိုက တခြားမြို့နယ်တွေနဲ့ မတူဘူးဆိုတော့ ကားလမ်းတွေ အမြန်ဆုံးဖွင့်ပေးဖို့ တောင်းဆိုချင်တယ်၊ အမြဲတမ်း မဟုတ်ဘူးဆိုရင်တောင် ပစ္စည်းတွေ ပိုဖို့ ခဏလောက်ဖြစ်ဖြစ်ပေါ့။”

ပူတာအိုမှာ ဆန် ၆ လုံးကို ကျပ် ၁၀၀၀၀ ၊ စားသုံးဆီတဘူးကို ကျပ် ၃၀၀၀၀ နဲ့ အသင့်စား ခေါက်ဆွဲခြောက် တထုပ်ကို ကျပ် ၂၀၀၀  အသီသီး စျေးတွေရှိနေတယ်လို့ သိရပါတယ်။

ပူတာအိုနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေမှာ အိမ်ထောင်စု ၁၀၀ ကျော် ဆန်လိုအပ်ချက်တွေ ရှိနေပြီး ရေရှည်မှာ စားဝတ်နေရေးအတွက် အခက်အခဲတွေပိုမိုဖြစ်လာနိင်တယ်လို့ သိရပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013