ရုရှားစစ်တပ်ရဲ့ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဗာဒင်းမ် ရှာမာရင်န်ကို အကြီးစား လာဘ်ပေးလာဘ်ယူမှု သံသယနဲ့ ဖမ်းဆီးထားကြောင်း ရုရှားမီဒီယာတွေက မေ ၂၃ ရက်မှာ ဖော်ပြပါတယ်။
ဒါဟာ ဧပြီလကတည်းက ဖမ်းဆီးထိန်းသိမ်းခံရတဲ့ စစ်ဘက်ထိပ်တန်းအရာရှိတွေထဲမှာ အခုနောက်ဆုံး စတုတ္ထမြောက် ဖမ်းဆီးမှုလည်း ဖြစ်ပါတယ်။
ရှာမာရင်န်ဟာ လိမ်လည်မှုစွပ်စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရပြီး သူ့အိမ်ကိုလည်း ရှာဖွေခဲ့ကြောင်း ရုရှားသတင်းစာမှာ ဖော်ပြထားပါတယ်။
ကရင်မလင်နန်းတော်ကတော့ ဒီဖမ်းဆီးမှုဟာ အကျင့်ပျက်ခြစားမှုကို ကိုင်တွယ်ဖြေရှင်းဖို့ တသမတ်တည်း လုပ်ဆောင်မှု တစိတ်တပိုင်းဖြစ်ကြောင်း မေ ၂၃ ရက်က ပြောကြားခဲ့ပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဟာ တရားဥပဒေစိုးမိုးရေး အေဂျင်စီတွေက အဆက်မပြတ် လုပ်ဆောင်နေတာဖြစ်ပြီး အဓိကလုပ်ဆောင်မှု တစိတ်တပိုင်းလည်းဖြစ်ကြောင်း ကရင်မလင်နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကို့ဗ်က သတင်းထောက်တွေကို ပြောပါတယ်။
အခုနောက်ဆုံးအမှုကို အသေးစိတ် မှတ်ချက်မပေးနိုင်ကြောင်းလည်း ပက်စ်ကို့ဗ်က ဆိုပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ဗဟိုဌာနတွေရော၊ စည်ပင်သာယာရေးအဆင့်တွေရော ဌာနအားလုံးမှာ ဆက်လက်လုပ်ဆောင်နေကြောင်းလည်း သူက ပြောကြားခဲ့ပါတယ်။
ဧပြီလမှာ ဒုတိယကာကွယ်ရေးဝန်ကြီး တီမျူရ် အီဗာနော့ဗ်ကို လာဘ်ပေးလာဘ်ယူမှု သံသယနဲ့ ဖမ်းဆီးထားပြီး တရားခွင်မတိုင်ခင် အကြိုချုပ်နှောင်ထားပါတယ်။
အဲဒီနောက်ပိုင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဒုတိယဗိုလ်ချုပ်ကြီး ယူရီ ကုဇ်ညက်ဇော့ဗ်နဲ့ ရုရှားနိုင်ငံရဲ့ အမှတ် ၅၈ တပ်ဖွဲ့မှ တပ်မှူးဟောင်း ဗိုလ်ချုပ် အိုင်ဗန် ပေါ့ပို့ဗ် တို့လည်း ဖမ်းဆီးခံထားရပါတယ်။
Source/Photo-Reuters