Home
မြန်မာသတင်း
လောက်ကိုင်သွားသည့် ကားခ အဆမတန်မြင့်တက်၊ စီးပွာရေးလုပ်ငန်းကြီးများ မလည်ပတ် နိုင်သေး
DVB
·
May 23, 2024
maxresdefault

လောင်ကိုက်မြို့မှာ လျှပ်စစ်မီးလည်းမရသေးသလို စီးပွားရေးလုပ်ငန်းအကြီးတွေလည်း လည်ပတ်နိုင်တာ မရှိသေးဘဲ လောက်ကိုင်ကိုသွားတဲ့ကားခတွေ အဆမတန်မြင့်နေပြီး မြို့အဝင်၊ အထွက်ကိုလည်း MNDAA ကတင်းကျပ်ထားကြောင်း ကားသမားတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း၊ လောက်ကိုင်မြို့မှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တခုလုံး လက်နက်ချခဲ့ပြီးနောက်ပိုင်း MNDAA အုပ်ချုပ်ရေးတွေ စတင်နေတာ မေ ၂၃ ရက်အထိဆို ၄ လခွဲနီး ဝန်းကျင်ရှိလာခဲ့ပါပြီ။

၁၀၂၇ တိုက်ပွဲနောက်ပိုင်း  ရှမ်းမြောက်ကဒေသခံတွေဟာ သွားလာခွင့်မပေးသေးတဲ့ လမ်းမကြီး တွေအစား တောလမ်းတွေကိုပိုသုံးလာရပြီး အဲဒီအထဲမှာ လောက်ကိုင်မြို့လည်း ပါဝင်ပါတယ်။

ဒါကြောင့် အရင် ၄ နာရီလောက်သာမောင်းရတဲ့ လားရှိုး-လောက်ကိုင်ခရီးစဉ်ကို အခုဆိုရင် ၉ နာရီလောက် မောင်းနေရပြီး ယာဉ်စီးခကလည်း ၃ ဆလောက်မြှင့်တက်လာတယ်လို့ လားရှိုး-လောက်ကိုင် ယာဉ်မောင်းတယောက်က ပြောပါတယ်။

“မိုင်းယော်ကနေ လောက်ကိုင်တက်တာအစ်ကိုရေ၊ ကုန်ကျစရိတ်ကတော့ ၃ သိန်းလောက်တော့ရှိမှာပေါ့ အစ်ကိုရေ။ ပုံမှန်ပေါ့။ စစ်မဖြစ်ခင်ကဆိုရင် ၅ သောင်း၊ ၈ သောင်း၊ ၉ သောင်း အဲလောက်ပေါ့။ အခုက တောလမ်းတွေကသွားရတယ်ဆိုတော့ အဲလိုပေါ့။ အချိန်က ကျနော်တို့ ၄ နာရီလောက် ပိုသွားတာပေါ့၊ ၈ နာရီ၊ ၉ နာရီလောက်ဖြစ်သွားမှာပေါ့။ ခါတိုင်း ၄ နာရီလောက်မောင်းရတဲ့ဟာက အခု ၉ နာရီလောက်ဖြစ်သွားတာပေါ့။”

ဒါပေမဲ့ လောက်ကိုင်ထဲကိုဝင်မယ်ဆိုရင် ကွမ်းလုံဂိတ်နဲ့ ချင်းရွှေဟော်ဂိတ် ၂ နေရာမှာ ကိုးကန့်တပ်ဖွဲ့ (MNDAA) က ထုတ်ပေးတဲ့ နေထိုင်ခွင့်ကတ်တွေကို ကားဆရာတွေအပါအဝင် မြို့ထဲဝင်ချင်တဲ့လူတိုင်း ပြုလုပ်ရတယ်လို့ ဆိုပါတယ်။

လောက်ကိုင်မြို့ထဲ နေထိုင်ခွင့်ကတ်လုပ်မယ်ဆိုရင် မြန်မာမှတ်ပုံတင်ပြရတဲ့အပြင် ကိုးကန့်မှတ်ပုံတင် ကိုင်ထားသူတယောက်က လူကိုယ်တိုင်လာရောက် အာမခံပေးရတယ်လို့ လက်ရှိနေထိုင်သူတွေက ပြောပါတယ်။

လောက်ကိုင်မြို့မှ အလုပ်သမားတဦးက “အဝင်အထွက်က ဗမာဆို အစစ်ဆေးများတယ်။ တခြားတိုင်းရင်းသာဆို သိပ်ပြီးမစစ်ဘူး၊ ထောက်ခံစာပြခိုင်းပါတယ်။ မပြနိုင်ရင် ပြန်လွတ်ပါတယ် ဖုန်းနဲ့ ပြလို့မရပါဘူး။ သူတို့ဆီက စာရွက်ပြနိုင်နိုင်မှ ဆက်သွားခိုင်းတယ်။ ထောက်ခံစာကို ကွမ်လုံတံတားသစ်မှ လုပ်ပေးတယ် ထောက်ခံစာက ကိုးကန့်လူမျိုး ထောက်ခံပေးမှ ရပါတယ်။ ထောက်ခံပေးတဲ့သူက ထောက်ခံတဲ့သူကို တာဝန်ယူရပါတယ်။ ပြစ်မှုကျုးလွန်ရင် သူ့မှာ တာဝန်ရှိပါတယ်။ သူတို့လည်း ပြစ်မှုခံရတယ်။ ဒါကြောင့် ထောက်ခံစားလုပ်ဖို့ ခက်ခဲနေတာ လောက်ကိုင်မှတ်ပုံတင်ရှိရင် မလုပ်ရဘူး။ သူတို့ ကိုးကန့်လူမျိုး ‌လည်း လားရှိုးအောက်ပိုင်းကဆို နေထိုင်ခွင့်ကတ်လုပ်ရတယ်။ ကျနော် လောက်ကိုင်တက်တော့ ပြန်လှည့်ရသေးတယ်။ လမ်းမှာ ထောက်ခံစာ မပြနိုင်လို့” လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး MNDAA ပြောခွင့်ရသူ လီကျားဝင်းဆီ DVB က ဖုန်းနဲ့ရော၊ တယ်လီဂရမ်ကပါ ဆက်သွယ်ပေမဲ့ ပြန်ဖြေတာမရှိခဲ့ပါဘူး။

ဒီလိုမျိုး တင်းကျပ်မှုတွေကြောင့် လောက်ကိုင်မှာ နေထိုင်ခွင့်ကတ်လုပ်ပေးတဲ့ ပွဲစားတွေပေါ်လာနေပြီး လူတယောက်နေထိုင်ခွင့်အတွက် မြန်မာငွေသိန်းဆယ်ဂဏန်းအထိ ဈေးပေါက်လာတယ်လို့ မြို့ခံတယောက်ဦးက ပြောပါတယ်။

ဒီလိုအခက်အခဲတွေရှိနေပေမဲ့ လောက်ကိုင်ဟာ အရင်လိုပြန်မစည်ကားသေးဘဲ လုပ်ခလစာတွေလည်း ယွမ် ၁၀၀၀ ကနေ ၁၅၀၀ ကြားလောက် ရရှိကြတယ်လို့ လောက်ကိုင်မြို့ခံတဦးက ပြောပါတယ်။

“လုပ်ငန်းအကြီးကြီး၊ တိုက်အကြီးကြီးတွေတော့ တရုတ်တွေကမလာသေးဘူး။ ရင်းနှီးမြှုပ်နှံမဲ့ တရုတ်တွေကို သူတို့ပြန်လက်မခံသေးဘူးတဲ့။ အဲတော့ နိုင်ငံရေးအခြေအနေကလည်း ဘာမှန်းမသိသေးဘူးဆိုတဲ့ အခြေအနေမျိုးမှာရှိတယ်။ အစည်းအဝေးတွေ လုပ်တယ်လို့တော့ ကြားတာပေါ့လေ။ နည်းနည်းသေးသေးတွေကတော့ ဆောက်လုပ်ရေးသမားတွေ ပြန်လုပ်နေကြတယ်။ တိုက်တွေအကြီးကြီးတွေ၊ ဆောက်လုပ်ရေးလုပ်နေတဲ့ လုပ်ငန်းတွေကတော့ ပြန်မစသေးဘူးဗျ။ တရုတ်တွေကလာပြီးတော့ ရင်းနှီးမြှုပ်နှံမှု မလုပ်ကြသေးဘူး။ ပြန်လည်ထူထောင်ရေးဆိုတာ သူတို့က “ဝ” ပြည်ပုံစံမျိုး အုပ်ချုပ်မယ်လို့တော့ ကြားတာပဲ။ “ဝ” ပြည်ပုံစံအတိုင်းပေါ့နော်။ နည်းနည်း စည်းကမ်းတွေကတော့ တအားတင်းကျပ်တယ်။ အစ်ကိုမေးသလိုပေါ့နော် ပြန်လည်ထူထောင်ရေးတွေကတော့ ဘာမှသူတို့မလုပ်သေးဘူး၊ သူတို့ကလည်း စောင့်ကြည့်နေတဲ့ ပုံစံပဲရှိတယ်။”

ဒီလိုအားနည်းချက်တွေရှိနေပေမဲ့ လက်ရှိလောက်ကိုင်မြို့ဟာ အရင်ထက်ပိုမိုသန့်ရှင်းတောက် ပြောင်လာသလို ဗိုလ်ကျစိုးမိုးတဲ့ ပြည်သူ့စစ်တွေလည်းမရှိတော့ဘဲ ခိုးဆိုးလုယက်တွေကလည်း ကင်းစင်သလောက်ဖြစ်သွားပြီလို့ ဆိုပါတယ်။

နေ့တိုင်း လောက်ကိုင်ကိုတက်လာတဲ့ အလုပ်သမားတွေရှိနေပြီး ဈေးဆိုင်တွေ၊ ဆေးခန်းတွေ၊ KTV ပါ ပြန်ဖွင့်နေကြပေမဲ့ အရင်လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းကျော်လောက်ပဲ နေထိုင်ကြဦးမယ်လို့ မြို့ခံက သုံးသပ်ပါတယ်။

မြို့ထဲမှာတော့ ၂၄ နာရီ လွတ်လွတ်လပ်လပ်သွားလာနိုင်ပြီး MNDAA တပ်သားတွေက ညတိုင်းကင်းလှည့်စစ်ဆေးတတ်တာကြောင့် နေထိုင်ခွင့်ကတ်ကို ကိုယ်နဲ့မကွာယူဖို့ လိုမယ်လို့လည်း မြို့ခံက သတိပေးပါတယ်။

ကိုးကန့်တပ်ဖွဲ့ (MNDAA)  ဟာ ၁၀၂၇ စစ်ရေးကာလအတွင်း မြို့တော် လောက်ကိုင် အပါအဝင်  ချင်းရွှေဟော်၊ ပန်ဆိုင်း(ကြူကုတ်)၊ မုံးကိုး၊  ကွမ်းလုံ၊ ကုန်းကြမ်း၊ သိန္နီ မြို့တွေကို သိမ်းပိုက်နိုင်ခဲ့တာပါ။ 

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013