Home
မြန်မာသတင်း
ဆီဆိုင်မြို့၌ တအိမ်တယောက် စစ်မှုထမ်းရန် စစ်ကောင်စီနှင့် ပအိုးဝ်ပြည်သူ့စစ် ဖိအားပေး
DVB
·
May 23, 2024
Si-Saing-1

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာ တအိမ်တယောက် စစ်မှုထမ်းဖို့ စစ်ကောင်စီနဲ့ ပအိုးဝ်ပြည်သူ့စစ်တွေက ဖိအားပေးနေပြီး နေရပ်မပြန်ရင် အိမ်ကိုသိမ်းမယ်လို့ ပြောဆိုတာတွေရှိကြောင်း ဒေသခံပြည်သူတွေဆီက သိရပါတယ်။

ဆီဆိုင်မြို့ကို စစ်ကောင်စီက မေလထဲမှာ ထိန်းချုပ်နိုင်ပြီးတဲ့နောက် ဆီဆိုင်နဲ့ အနီးတဝိုက် ကျေးရွာတွေက ပြည်သူတွေကို မဖြစ်မနေ နေရပ်ပြန်ဖို့အပြင် တအိမ်တယောက် စစ်မှုထမ်းဖို့ စစ်ကောင်စီနဲ့ ပအိုးဝ်ပြည်သူ့စစ်တွေက ဖိအားပေးနေတယ်လို့ ဆီဆိုင်ဒေသခံတွေက ပြောပါတယ်။

ဆီဆိုင်မြို့နဲ့ နောင်ကျောကျေးရွာအုပ်စုတွေမှာ အသက် ၁၈ နှစ်ကနေ ၆၀ နှစ်အတွင်း တအိမ်တယောက် စစ်မှုထမ်းဖို့ စစ်ကောင်စီနဲ့ ပအိုးဝ်ပြည်သူ့စစ်တွေက ဖိအားပေး ပြောဆိုနေပြီး လာမယ့် ဇွန် ၁ ရက် နောက်ဆုံးထား စာရင်းပေးရမယ်လို့လည်း သိရပါတယ်။

အတင်းအကျပ် စာရင်းကောက်ခံရတဲ့သူတွေအနေနဲ့ တလ စစ်မှုထမ်းရမယ်လို့လည်း ပြောထားကြောင်း ဆီဆိုင်ဒေသခံတွေထံကနေ သိရပါတယ်။

လက်ရှိမှာတော့ ဆီဆိုင်မြို့ပေါ်မှာ စစ်ကောင်စီက ရှင်းလင်းရေးတွေ လုပ်နေပြီး လျှပ်စစ်မီးပြန်ရအောင် လုပ်ပေးနေပြီလို့ ဆိုပေမဲ့ လက်နက်ကြီး အထိုင်ချပြီး ပစ်နေတာကြောင့် နေရပ်ပြန်မနေရဲကြသေးဘူးလို့လည်း ဆီဆိုင်ဒေသခံတဦးက ပြောပါတယ်။

“တအိမ်တယောက် စစ်မှုထမ်းဖို့ခေါ်တာက မြို့ရပ်ကွက်တွေတော့ မပါသေးဘူး။ နောင်ကျောကျေးရွာအုပ်စုထဲပဲ ဖြစ်တယ်။ လက်ရှိမှာတော့ တချို့ရွာတွေက စစ်ဘေးရှောင်နေရတုန်းပဲ။ ခေါ်တဲ့ထဲမှာ ကျမတို့ရွာလည်း ပါတယ်။ အိမ်ခြေကလည်းနည်းတော့ တအိမ်ကိုတယောက်ပေါ့။ သို့ပေမဲ့ တရွာကို ၂ ယောက် အလှည့်ကျ သွားရမယ်။ တလပြည့်ရင်တော့ လူပြန်ချိန်း အဲ့လိုတော့ပြောတယ်။ နောက်လ ၁ ရက်နေ့ နောက်ဆုံးထား စာရင်းပေးရမယ် ပြောတယ်။ တဖက်မှာလည်း တိုက်ပွဲအခြေအနေက မငြိမ်သေးဘူး။ ဆီဆိုင်အရှေ့တောင်ဘက်တကျောမှာ နေ့တိုင်း မြေပြင်တိုက်ပွဲရော လက်နက်ကြီးရော ပစ်နေတုန်း။ အနောင်တောင်ဘက်မှာ ထိတွေ့မှုတွေ ရှိသေးတယ်။”

ဇန်နဝါရီလကစပြီး ၄ လနီးပါး တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ခဲ့ပြီးတဲ့နောက် ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့က နေရာအတော်များများကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေက အခုမေလမှာ ပြန်ထိန်းချုပ်နိုင်သွားတာပါ။

သူတို့ထိန်းချုပ်နိုင်သွားတဲ့ နယ်မြေတွေမှာ စစ်ရှောင်ပြည်သူတွေကို နေရပ်ပြန်လာဖို့၊ မလာရင် နေအိမ်ကို သိမ်းမယ်ဆိုတာတွေလည်း ခြိမ်းခြောက်လာကြောင်း ပအိုးဝ်လူငယ်အစည်းအရုံးက ပြောပါတယ်။

နေအိမ်အသိမ်းခံရမှာ စိုးရိမ်တာကြောင့် နေရပ်ပြန်လာသူတွေ အနည်းအကျဉ်း ရှိနေသလို မပြန်နိုင်သေးတဲ့ စစ်ရှောင်ပြည်သူတွေလည်း အများအပြား ရှိနေတယ်လို့လည်း ဆိုပါတယ်။

ပအိုးဝ်လူငယ်အစည်းအရုံး တာဝန်ရှိသူတဦးက “အခု မြေပြင်မှာတော့ ဆီဆိုင်နဲ့ အနီးတဝိုက် ရွာတွေမှာ နေရပ်ကို မဖြစ်မနေ ပြန်ကြဖို့၊ မပြန်ရင် နေအိမ်သိမ်းမယ်၊ ချိပ်ပိတ်မယ်ဆိုတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပြောဆိုမှုက ပိုပြီးများလာတယ်။ ဖိအားပေးတာ ပိုမြင့်လာတယ်။ ဒီရက်ပိုင်းမှာ ဆီဆိုင်မြို့ပေါ်အပါ နောင်ကျောအုပ်စုကို အစည်းအဝေးခေါ်တယ်။ စစ်ရှောင်က ပြန်လာတာ မကြာသေးဘူး။ ဒီရက်ပိုင်းထဲ မပြန်ရင် အိမ်သိမ်းခံရမှာစိုးရိမ်လို့ ပြန်လာကြသူတွေလည်း ရှိတယ်။ ဆက်ပြီး စစ်ရှောင်နေကြရတဲ့သူတွေလည်း ရှိသေးတယ်” လို့ ပေြာပါတယ်။

ကရင်နီပြည်နယ်နဲ့ နီးစပ်နေတဲ့ ဆီဆိုင်ဘက်ကနေ စစ်ကောင်စီဟာ စစ်ကူတွေပို့ကာ လွိုင်ကော်ကို ထိုးစစ်ပြန်ဆင်ဖို့ ကြိုးစားတာတွေ ရှိနေတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

တိုက်ပွဲကာလ ၄ လကျော်အတွင်း အရပ်သား ၆၉ ယောက် သေဆုံးခဲ့ရပြီး ပြည်သူ ၆၄,၀၀၀ နီးပါး စစ်ရှောင်နေကြရတယ်လို့လည်း ပအိုးဝ်လူငယ်အစည်းအရုံးက ဆိုပါတယ်။

မြတ်ကြီး 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013