ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဝန်ကြီးတွေဟာ ရုရှားနဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ ယူကရိန်းရဲ့ စစ်ရေးအားထုတ်မှုတွေကို ပံ့ပိုးဖို့အတွက် ထိန်းသိမ်းထားတဲ့ ရုရှားဗဟိုဘဏ် (CBR) ရဲ့ ပိုင်ဆိုင်မှုတွေကနေ ရရှိတဲ့ ငွေကြေးတွေကို အသုံးပြုဖို့ သဘောတူညီခဲ့ကြကြောင်း ဥရောပသမဂ္ဂကောင်စီက အင်္ဂါနေ့မှာ ကြေညာပါတယ်။
သဘောတူညီချက်အရ အဲဒီပိုင်ဆိုင်မှုတွေက အမြတ်ငွေ ဒါမှမဟုတ် အကျိုးစီးပွားတွေရဲ့ ၉၀ ရာခိုင်နှုန်းကို ယူကရိန်းအတွက် စစ်ရေးအကူအညီပေးနေတဲ့ EU က လည်ပတ်ရန်ပုံငွေအဖွဲ့ ဥရောပငြိမ်းချမ်းရေး အဆောက်အအုံကို ခွဲဝေပေးမှာ ဖြစ်ပါတယ်။
ကျန် ၁၀ ရာခိုင်နှုန်းကို ယူကရိန်းရဲ့ ကာကွယ်ရေးစက်မှုလုပ်ငန်းစွမ်းရည်နဲ့ ပြန်လည်တည်ဆောက်ရေး လိုအပ်ချက်တွေကို မြှင့်တင်ရာမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။
ရုရှားကတော့ အမေရိကန်နဲ့ တခြားအနောက်နိုင်ငံတွေ အဆိုပြုထားတဲ့ ပိုင်ဆိုင်မှုသိမ်းယူရေး အစီအမံတွေကို အကြိမ်ကြိမ် ဝေဖန်ခဲ့ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရို့ဗ်ကတော့ အနောက်နိုင်ငံတွေက ရုရှားပိုင်ဆိုင်မှုတွေကို ဘယ်လိုပုံစံနဲ့မဆို သိမ်းယူတာဟာ ခိုးယူမှုပဲလို့ ရှုမြင်ကြောင်း ပြောပါတယ်။
ရုရှားကလည်း ဒီကိစ္စအပေါ် အပြန်အလှန် တုံ့ပြန်ဆောင်ရွက်မှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
ကောင်စီရဲ့ အချက်အလက်တွေအရ ရုရှားဗဟိုဘဏ် (CBR) ပိုင်ဆိုင်မှုတွေထဲမှာ ယူရို ၂၆၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၈၂ ဘီလီယံ) ဝန်းကျင်ကို G7 မိတ်ဖက်တွေ၊ EU နဲ့ သြစတြေးလျတို့ရဲ့ တရားစီရင်ပိုင်ခွင့်တွေတလျှောက် ငွေရေးကြေးရေးကိစ္စတွေနဲ့ ငွေသားတွေကို ခေတ္တပိတ်ထားခဲ့ပါတယ်။ ရုရှားပိုင်ဆိုင်မှုတွေရဲ့ ၃ ပုံ ၂ ပုံကျော်ကို EU မှာ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။
Source/Photo-Reuters