Home
မြန်မာသတင်း
ကမ္ဘာ့ရွှေဈေးကျသော်လည်း မြန်မာ့ရွှေဈေး ဆက်တက်
DVB
·
May 23, 2024
Gold

စံချိန်တင်မြင့်တက်ခဲ့တဲ့ ကမ္ဘာ့ရွှေဈေး ပြန်ကျလာပေမဲ့ မြန်မာ့ရွှေဈေးကတော့ အခေါက်ရွှေ တကျပ်သားကို ကျပ် ၅,၁၆၀,၀၀၀ ဝန်းကျင်ထိ ဆက်လက် မြင့်တက်နေပါတယ်။

မေ ၂၀ ရက်က ကမ္ဘာ့ရွှေ တစ်ထရိုင်အောင်စကို ၂,၄၅၀ ဝန်းကျင်ထိ စံချိန်တင် ဈေးမြင့်တက်ခဲ့ရာ ဒီနေ့မှာတော့ အမေရိကန်ဒေါ်လာ ၂,၃၆၉ ဒေါ်လာကို ဈေးနှုန်းပြန်ကျဆင်းလာတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြည်တွင်းရွှေဈေးကတော့ မေ ၂၀ ရက်က တကျပ်သားကို ငွေကျပ် ၅,၀၈၀,၀၀၀ ဝန်းကျင်ရှိရာကနေ ဒီကနေ့မှာ ၅,၁၆၀,၀၀၀ ဝန်းကျင်ထိ ဈေးနှုန်းမြင့်တက်နေပါတယ်။

ကမ္ဘာ့ရွှေဈေးကျပေမဲ့ မြန်မာ့ရွှေဈေးက ရက်ပိုင်းအတွင်း ကျပ် ၁ သိန်းဝန်းကျင် မြင့်တက်လာတာ ဖြစ်ပါတယ်။

ရွှေလုပ်ငန်းရှင်တဦးက “မြန်မာနိုင်ငံအခြေအနေက ရွှေဈေးအရမ်းကျဖို့ကို မျှော်လင့်လို့ မရဘူး။ လူတွေက ကျပ်ငွေအပေါ်မှာ ယုံကြည်မှုမရှိကြတော့ဘူး ဆိုတော့ ပြန်ကျဖို့မလွယ်ဘူး” လို့ ပြောပါတယ်။

အခုလို ပြည်တွင်းရွှေဈေး မြင့်တက်ပြီး ဈေးနှုန်းမငြိမ်ဖြစ်နေတာကြောင့် ရွှေဈေးကစားသူတွေနဲ့ ဈေးဆွဲတင်သူတွေကို ဖမ်းဆီးမယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေသလို မန္တလေး ရွှေအရောင်းအဝယ်ဈေးကွက်ကို ခေတ္တ ရပ်နားထားရတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပြင်ပဈေးကွက်မှာ ရွှေဈေး ၅၁ သိန်းကျော်ထိ စံချိန်တင် မြင့်တက်နေပေမဲ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ သတ်မှတ်ဈေးကတော့ ၃,၉၉၈,၉၀၀ ကျပ်သာရှိပြီး ကျပ် ၁၁ သိန်းကျော် ကွာဟနေပါတယ်။

အမေရိကန်ဒေါ်လာ ငွေလဲနှုန်းကလည်း တောက်လျှောက် မြင့်တက်နေပြီး ပြင်ပဈေးကွက်မှာ တဒေါ်လာကို ၄,၀၇၀ အထိ စံချိန်တင်ပေါက်ဈေး ဖြစ်ပေါ်နေတာကြောင့် ငွေလဲနှုန်းအရ ရွှေဈေးလည်း လိုက်ပါမြင့်တက်နေတာ ဖြစ်ပါတယ်။

Amara Maung

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013