နိုင်ငံတဝန်း အခြေခံပညာကျောင်းတွေမှာ မေ ၂၃ ရက် ဒီနေ့ မနက်ကစပြီး ကျောင်းအပ်လက်ခံနေပြီး ငွေကြေးပေးရ တာမျိုးမရှိပဲ ထောက်ပံ့ပစ္စည်းတွေလည်းရကြတယ်လို့သိရပါတယ်။
၂၀၂၄-၂၅ ပညာသင်နှစ်ရဲ့ အခြေခံပညာကျောင်းအပ်လက်ခံတာတွေကို ဒီနေ့မှာ စတင်နေပြီး ကျောင်းအပ်ပြီးတဲ့ မူလတန်းအဆင့်ကျောင်းသားကျောင်းသူတွေဟာ ခဲတံ ၄ ချောင်း၊ ဗလာစာအုပ် တဒါဇင် ၊ ပုံနှိပ်စာအုပ်၊ ကျောင်းဝတ်စုံ တစုံစီရကြတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
ကျောင်းသားမိဘတဦးက “ဘာမှမပေးရဘူး။ ကျောင်းသားဟောင်းတွေကတော့ စာရွက်စာတမ်းတွေမလိုဘူး။ စာရင်းသွင်းရုံလောက်ပဲ။ ကျောင်းသားသစ်တွေကတော့ သူတို့ကြေညာထားတဲ့ စာရွက်စာတမ်းတွေတော့လိုတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီပညာရေးဌာနက ကျောင်းအပ်သူတွေဆီက ငွေကြေးတောင်းခံတာမျိုးမပြု လုပ်ရဘူးလို့ ကြေညာထားပြီး၊ ကျောင်းသားကျောင်းသူတွေကိုပေးတဲ့ ကျောင်းသုံးစာ အုပ်တွေအပြည့်အဝရရှိနိုင်ဖို့နဲ့ နယ်မြေအလိုက်စာ ကျောင်းအပ် လက်ခံဖို့ညွှန်ကြားထားပါတယ်။
အခုပညာသင်နှစ်ရဲ့ ကျောင်းအပ်လက်ခံရေးသီတင်းပတ်ကို မေ ၂၃ ရက်ကနေ ဇွန် ၂ ရက် အထိပြုလုပ်သွားမှာဖြစ်ပြီး ဇွန် ၃ ရက်မှာ ကျောင်းတွေ စတင်ဖွင့်လှစ်မှာဖြစ်တယ်လို့ စစ်ကောာင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် စစ်ကျွန်ပညာရေးကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ သန်းချီတဲ့ ကျောင်းသူကျောင်းသားတွေလည်း စစ်ကောင်စီလက်အောက်ခံ ပညာရေးဌာနက ဖွင့်လှစ်တဲ့ ကျောင်းတွေမှာ မတက်ရောက်ဘဲ ဆက်လက် သပိတ်မှောက်နေကြပါတယ်။
ရခိုင်ပြည်နယ်မှာတော့ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ကလေးငယ်တွေ ပညာသင်ကြားခွင့် ဆုံးရှုံးနေတယ်လို့ ကျောင်းသားမိဘတွေဆီကနေ သိရပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်အတော်များများမှာ နိုဝင်ဘာ ၁၃ ရက်က စတင်ခဲ့တဲ့ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ရဲ့ တကျော့ပြန် တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ သိန်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ကလေးငယ်တွေ ပညာသင်ကြားခွင့် ဆုံးရှုံးခဲ့တယ်လို့ ပုဏ္ဏားကျွန်းမြို့ဒေသခံ ကျောင်းသားမိဘတယောက်က DVB ကို ပြောပါတယ်။
“ကျနော့်သားက Grade 12 တက်နေတာဗျ။ နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာ စစ်ကောင်စီဘက်က သက်ဆိုင်ရာ စာစစ်ဌာနတွေမှာ စာမေးပွဲ မကျင်းပနိုင်ဘဲ စစ်တွေမြို့မှာ သွားရောက်ဖြေဆိုရမှာဖြစ်လို့ သားသမီးတွေရဲ့ လုံခြုံရေးကို စိုးရိမ်လို့ စာမေးပွဲ မဖြေဆိုနိုင်ခဲ့ဘူး။”
အဓိကတော့ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တွေ အပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အများစုက ကျောင်းသား ကျောင်းသူတွေ စာမေးပွဲဖြေဆိုခွင့် မရကြဘူးလို့ ရသေ့တောင်မြို့မှ ကျောင်းသားမိဘတယောက်က ပြောပါတယ်။
အခုနှစ် ၂၀၂၄-၂၅ ပညာသင်နှစ်မှာလည်း နှစ်ဖက် စစ်ရေးပြင်းထန်နေတာကြောင့် စာသင်ကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့ မသေချာဘဲ ကလေးတွေရဲ့ အနာဂတ် ပျောက်ဆုံးသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။
ULA/AA အနေနဲ့ လူငယ်တွေရဲ့ ပညာရေးနဲ့ပတ်သက်လို့ အလေးအနက်ထားပြီး လုံခြုံရေးအစီအမံတွေနဲ့ စာသင်ကျောင်းတွေ အမြန်ဆုံး ပြန်ဖွင့်တာဖြစ်ဖြစ် Online ပညာရေးစနစ်တခု အကောင်အထည်ဖော်တာဖြစ်ဖြစ် လုပ်ဆောင်ပေးစေလိုတယ်လို့ ပြောပါတယ်။