Home
နိုင်ငံတကာ
ထိုင်ဝမ်ကျွန်းအနီးတဝိုက်တွင် တရုတ် စစ်ရေးလေ့ကျင့်
DVB
·
May 23, 2024
ChinaMilitaryDrill_23052024

တရုတ်ကာကွယ်ရေးဝန်ကြီးဌာနဟာ ထိုင်ဝမ်ကျွန်းတဝိုက်ရှိ ဧရိယာ ၅ ခုမှာ ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုဆိုင်ရာ မြေပုံကို မေ ၂၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်ဝမ်ကျွန်းတဝိုက်မှာ ‘ပြစ်ဒဏ်ပေးခြင်း’ စစ်ရေးလေ့ကျင့်မှုလို့ နာမည်ပေးထားတဲ့ အသေးစိတ် အချက်အလက်တွေနဲ့အတူ ကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

Joint Sword-2024A လို့ နာမည်ပေးထားတဲ့ ဒီစစ်ရေးလေ့ကျင့်မှုကို မေ ၂၃ ရက်မှ ၂၄ ရက် အထိ လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း ဆိုပါတယ်။

နိုင်ငံပိုင်ရုပ်မြင်သံကြား CCTV မှာတော့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ အရှေ့ပိုင်း ပေါင်းစည်းကွပ်ကဲရေးဌာနချုပ်ဟာ ထိုင်ဝမ်ကျွန်းအနီးတဝိုက်မှာ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မေ ၂၃ ရက် မနက် ၇ နာရီ ၄၅ မိနစ်မှာ စတင်ခဲ့ကြောင်း ထုတ်လွှင့်သွားပါတယ်။

စစ်ရေးလေ့ကျင့်မှုတွေကို ထိုင်ဝမ်ရေလက်ကြား၊ ထိုင်ဝမ်ရဲ့ မြောက်၊ တောင်နဲ့ အရှေ့ဘက်တို့အပြင် ကင်းန်မန်၊ မတ်ဆု၊ ဝါးချူး၊ ဒုံးယင်းကျွန်းတွေ အနီးတဝိုက်ရှိ ဧရိယာတွေမှာလည်း လုပ်ဆောင်နေကြောင်း CCTV က ထုတ်ပြန်ပါတယ်။

ထိုင်ဝမ်ကျွန်းတဝိုက်မှာ ကြည်းတပ်၊ ရေတပ်၊ လေတပ်နဲ့ ဒုံးပျံတပ်ဖွဲ့တွေ အပါအဝင် တခြားတပ်ဖွဲ့ဝင်တွေကိုလည်း စုစည်းထားမှာဖြစ်ကြောင်း အရှေ့ပိုင်း ပေါင်းစည်းကွပ်ကဲရေး ဌာနချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်မှူးကြီး လိရှီက ပြောပါတယ်။

ဒါဟာ ထိုင်ဝမ်လွတ်လပ်ရေးတပ်ဖွဲ့တွေရဲ့ ခွဲထွက်ရေးလုပ်ရပ်တွေအတွက် ပြင်းထန်တဲ့ ပြစ်ဒဏ်ဖြစ်သလို ပြင်ပအင်အားစုတွေရဲ့ စွက်ဖက်မှုနဲ့ ရန်စမှုတွေကို ဆန့်ကျင်တဲ့ ပြင်းထန်တဲ့ သတိပေးချက်လည်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ လိရှီက ဆိုပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုမှာ ပင်လယ်-လေကြောင်း တိုက်ခိုက်ရန်အသင့် ပူးတွဲကင်းလှည့်မှု၊ စစ်မြေပြင်ကို ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်မှုဆိုင်ရာ ပူးပေါင်းသိမ်းပိုက်မှု၊ အဓိကပစ်မှတ်တွေကို တိကျစွာ တိုက်ခိုက်မှု၊ ထိုင်ဝမ်ကျွန်းအနီးတဝိုက်မှာ သင်္ဘောတွေနဲ့ လေယာဉ် တိုက်ခိုက်ရန်အသင့် ကင်းလှည့်မှု၊ တပ်ဖွဲ့တွေရဲ့ ပူးပေါင်းတိုက်ခိုက်ရေးစွမ်းရည် အစစ်အမှန်ကို စမ်းသပ်ဖို့အတွက် ကျွန်းဆက်ရဲ့ အတွင်းနဲ့ ပြင်ပက ပေါင်းစပ် ဆောင်ရွက်မှုတွေကို အဓိကထား လေ့ကျင့်သွားမှာဖြစ်ကြောင်းလည်း ဆိုပါတယ်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကတော့ အဲဒီစစ်ရေးလေ့ကျင့်မှုကို ရှုတ်ချခဲ့ပြီး ထိုင်ဝမ်ဟာ ကျွန်းတဝိုက်ရှိ ဧရိယာတွေဆီ တပ်ဖွဲ့ဝင်တွေကို စေလွှတ်ခဲ့ပြီး သူ့နယ်မြေကို ကာကွယ်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013