(က)
အဘစောမူးသာတို့အိမ်မှာ စုဆုံဖြစ်ကြပါ၏။ အဘစောမူးသာ၏ တို့ဟူးသုပ်က အစပ်တည့်လှပြီး ရေနွေးကြမ်းပူပူနှင့် လိုက်ဖက်လှပါလေ၏။ စစ်ပြန်ကြီးတွေဖြစ်သည့် အဘလုံးတုံးနှင့် အဘေမာင်ဝင်းတို့၏ စကားရေယာဉ်ကြောမှာ အဘစိမ်းမောင် မျောပါနေပုံပါ။
“‘ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်’ လို့ လူထုက တညီတညွတ်တည်း ကြွေးကြော်နေကြတာ အတော့်ကို နီးလာပြီကွ”
“ဟုတ်တယ်လုံးတုံးရ . . . လိုင်းပေါ်က သတင်းတွေမှာ မအလရဲ့လက်ပါးစေ ခိုင်းဖတ်တွေ သေကျေပျက်စီးနေတာ တနေ့တနေ့ကို လေးငါးဆယ်”
“ကြင်စိုးရဲ့ အသေခံတပ်တွေမှာ တပ်သားအင်အား တော်တော်နည်းပါးနေပြီ”
“စစ်တပ်မှာ လူမလောက်တော့ ရဲတွေကို အင်အားဖြည့်ပြီး ရှေ့တန်းလွှတ်လို့ အတုံးအရုံး ကျဆုံးကြပြန်တယ်”
“ရဲတွေနဲ့မလောက်တော့ ပြည်သူ့စစ်တွေ ပျူစောထီးတွေကို အင်အားဖြည့်ပြန်တယ်။ ဒါတွေလည်း ခွေးသေဝက်ေသ သေကြပြန်တယ်လကွာ”
“အဲသည်အခါ ကြံရာမရတဲ့အဆုံး လူအင်အားမရှိတော့တဲ့ ကြင်စိုး သာဝ မအလဟာ ‘စစ်မှုထမ်းဥပဒေ’ ဆိုတာကြီးကို ဖုတ်ဖက်ခါ ဖုန်သုတ်ပြီး တရားဝင်ထုတ်သုံးလို့ တပြည်လုံးက လူငယ်တွေကို စစ်တပ်ထဲဆွဲသွင်း သေတွင်းကို တွန်းပို့လာတာပေါ့ မောင်ဝင်းရ”
စစ်ပြန်အဘနှစ်ဦး၏ ဆွေးနွေးချက်များကို စိမ်းသရဖူစိမ်း အဘစိမ်းမောင်က မှုန်တေတေ မျက်နှာကြီးဖြင့် မသက်မသာ နားဆင်နေပါလေ၏။ အခုလို မအလ၏ နောက်ဆုံးအချိန်အထိ မအလကို ကိုးကွယ်နေဆဲ အဘစိမ်းမောင်မှာ တခုခုကို ဝင်ပြောချင်နေပုံဖြင့် ပါးစပ်တပြင်ပြင် နှုတ်တရွရွ ဖြစ်နေပါလေ၏။ ခဏနေတော့ ဝင်ရောက်လာပါလေတော့၏။
“မင်းတို့ကွာ . . . စစ်သည်တော်ဟောင်းတွေဖြစ်ပြီး စစ်တပ်ကို အခုလိုမျိုး ပြောနေတာကတော့ မကောင်းပါဘူးကွာ”
“ဝါး . . ဟားဟား ဟားဟား ဟားဟား”
“မင်းတို့က ဘာထရယ်ကြတာလဲဟ”
“မင်းပြောတာ သဘောကျလို့ပါကွာ . .”
“ငါပြောတာထဲမှာ ဘာမှရယ်စရာမပါဘူး”
“ဟား ဟား ဟား ဟား ဟား ဟား”
အဘစိမ်းမောင်က “စစ်သားဟောင်းတွေဖြစ်ပြီး စစ်တပ်မကောင်းကြောင်းပြောတာ ဘယ်ကောင်းမလဲကွ” ဟုပြောပြီး “မင်းတို့ပဲ ဟိုအရင်က ‘စစ်တပ်ဆိုတာ ကျောင်းတော်ကောင်းကြီး’ ဆို” ဟု စကားနာထိုးပါလေ၏။
“မင်းပြောတာက မပြည့်စုံဘူး စိမ်းမောင်ရ . . . မင်္ဂလာဒုံက ငွေယားတောင်တပ်မှာ တာဝန်ထမ်းဆောင်ရတုန်းက အဲသည် ငါတို့ဗိုလ်ရွေးအဖွဲ့တပ်ထဲမှာ ဆိုင်းဘုတ်ကြီးတွေ ရေးထားတာ ရှိတယ်ကွ”
“ဘယ်လိုရေးထားတာလဲ . . .”
“‘ငါ့သားများ စစ်ထဲဝင်ရင်လေ . . . သူ့ကို ပြောလိုက်စမ်းပါကွာ . . . စစ်တပ်ဆိုတာ အမှန်တကယ်သာ လိုက်နာနိုင်ရင် ယောက်ျားကောင်း ယောက်ျားမြတ်တွေကို မွေးထုတ်ပေးနေတဲ့ ကျောင်းတော်ကြီးပဲ’ လို့ ရေးထားတာကွ”
“လုံးတုံးပြောတာ ဟုတ်သကွ၊ အဲသည်စာသားရဲ့အောက်မှာ ‘စစ်သည်တော်ေဟာင်းကြီးတဦး’ လို့ ရေးထားတယ်”
ထိုအခါ အဘစိမ်းမောင်က “ငါလည်း အဲဒါပဲပြောတာလေကွာ၊ ‘စစ်တပ်ဆိုတာ ယောက်ျားကောင်း ယောက်ျားမြတ်တွေကို မွေးထုတ်ပေးနေတဲ့ ကျောင်းတော်ကြီး’ ဆိုတာလေ” ဟု ပြောပါ၏။
“အဲသည်နေရာမှာ ‘အမှန်တကယ်သာ လိုက်နာနိုင်မယ်ဆိုရင်’ ဆိုတဲ့စာသား ပါနေတယ်လေကွာ၊ အမှန်တကယ် မလိုက်နာတဲ့ ကောင်တွေကတော့ ‘ယောက်ျားကောင်းတွေ ယောက်ျားမြတ်တွေ’ ဖြစ်လာမှာမဟုတ်ဘဲ သူခိုးတွေ ဂျပိုးတွေ အာဏာရူးတွေ ဖြစ်လာမယ်လို့ အဓိပ္ပာယ်ရသကွ”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
“အခု မင်းတို့ ‘စစ်ရှုံးကောင်စီ’ ရဲ့ ‘တပ်ပြုတ်ကြီး’ ဘွဲ့ရ မအလကိုယ်တော်ကြီးဟာ စစ်စည်းကမ်းကို အမှန်တကယ် မလိုက်နာဘဲ ဖောက်ဖျက်ကျူးလွန်ခဲ့သူ အာဏာရူးဖြစ်လို့ ‘ယောက်ျားမကောင်း ယောက်ျားမမြတ်’ ဖြစ်နေတော့ တိုင်းပြည်နာနေတာပေါ့ မောင်ရာ”
“ဟားဟား ဟားဟား ဟားဟား”
(ခ)
အဘစိမ်းမောင်၏ မျက်နှာတော်ကား စိမ်းပုပ်ပုပ်ကြီး ဖြစ်နေလေပြီတည်း။ အရွှင်အဘတွေကို ထပ်မံချေပရန်အတွက် သူ့ခေါင်းထဲ ကွန်ပျူတာမှာ အချက်အလက် ရှာနေပုံရပါ၏။ ထင်သည့်အတိုင်းပင် ခဏအကြာမှာ ပြန်လည်ချေပလာပါလေတော့၏ ခင်ဗျာ။
“မင်းတို့တွေဟာ ကိုယ့်စစ်တပ်ကို ကိုယ် တခွန်းမှ အကောင်းမပြောဘူး”
“ငါတို့က အကောင်းမပြောတာမဟုတ်ဘူးကွ၊ လက်ရှိ ဖက်ဆစ်တပ်ရဲ့ မြေပြင်အခြေအနေကို အပိုအလိုမရှိ အရင်းအတိုင်း ပြန်ပြောပြတာ စိမ်းမောင်ရ”
“မင်းတို့ဟာ တချိန်က တိုင်းပြည်တာဝန်ကို အသက်နဲ့လဲပြီး ထမ်းဆောင်ခဲ့ကြတဲ့ တပ်မတော်သားတွေဆိုတာလည်း သတိပြုကြအုံးဟ”
“အေးလေကွာ . . . ငါတို့ဟာ စစ်သားဟောင်းတွေ၊ အဲဒါဘာဖြစ်လဲ”
“ဘာဖြစ်ရမလဲဟကောင်တွေရ . . . မင်းတို့ဟာ စစ်တပ်ကကျွေးတဲ့ထမင်းကို စားပြီး စစ်တပ်ကပေးတဲ့ လစာကို ယူခဲ့ကြတဲ့သူတွေလေကွာ”
“ဟား ဟား ဟား ဟား ဟား ဟား ဟား”
“ဘာ ရယ်ကြပြန်တာလဲ”
ထိုအခါ အရွှင်အဘတွေက ‘စစ်သား’ ဆိုတာ ‘နိုင်ငံ့ဝန်ထမ်း’ ဖြစ်ပြီး ပြည်သူလူထုကပေးတဲ့ လစာ ရိက္ခာကို စားနေကြသူတွေဖြစ်ကြောင်း၊ ‘ကာချုပ်’ ဆိုသူပေးတဲ့ ရိက္ခာလစာကို ရရှိခံစားနေသူတွေမဟုတ်ကြောင်း ရှင်းပြကြပါ၏။ အဘစိမ်းမောင်၏မျက်နှာမှာ အီလည်လည်ကြီး ဖြစ်လာပါလေ၏။
“ဒါပေမဲ့ မင်းတို့ဟာ ‘စစ်သား’ ဖြစ်ခဲ့ကြတယ်လေကွာ၊ စစ်သားဖြစ်ပြီး စစ်တပ်မကောင်းကြောင်း ပြောတာတော့ မဟုတ်သေးဘူး”
“ဒီမယ်စိမ်းမောင် . . . ငါတို့ဟာ စစ်သားဖြစ်ပေမဲ့ ရိုးရိုးစစ်သားမဟုတ်ဘူးကွ၊ ဒီမိုကရေစီကို သဘောပေါက်တဲ့ ဒီမိုကရေစီကိုမြတ်နိုးတဲ့ ‘ဒီမိုကရေစီစစ်သား’ ကွ”
“လုံးတုံးပြောတာ ဟုတ်တယ် စိမ်းမောင်၊ စစ်သားဆိုတာ နိုင်ငံတော်နဲ့ နိုင်ငံသားေတွကို အသက်ပေးပြီး ကာကွယ်ရတဲ့တာဝန်ကို ယူထားတဲ့ ‘နိုင်ငံ့သားကောင်းတွေ’ ကွ”
“အာဏာရှင် အာဏာရူး စစ်ဘီလူး စစ်ခေါင်းဆောင်တွေကိုသာ အသက်ပေးပြီး ကာကွယ်နေပြီဆိုရင် အဲဒီစစ်သားတွေဟာ ‘နိုင်ငံ့သားကောင်တွေ’ ဖြစ်ပြီး မခံမရပ်နိုင်တဲ့ ပြည်သူလူထုက ပြန်လည်ခုခံတွန်းလှန်ကြတဲ့အခါ ခွေးပြေးဝက်ပြေးဘဝကနေ နောက်ဆုံး ခွေးသေဝက်သေ ဖြစ်ခဲ့ကြရတဲ့ ကမ္ဘာ့သမိုင်းသင်ခန်းစာတွေ ရှေ့မှာ တလှေကြီး”
“ဒီတော့ ‘နိုင်ငံ့သားကောင်း’ လုပ်မလား၊ ‘နိုင်ငံ့သားကောင်’ အဖြစ်ခံမလား”
“ဟားဟား ဟားဟား ဟားဟား”
(ဂ)
“ဟှူး . . . ဝှူး . . .”
အားလုံး ပေါ့ပေါ့ပါးပါးနှင့် တဝါးဝါး ရယ်နေကြချိန်မှာ အဘစိမ်းမောင်ကား သက်ပြင်းရှည်ကြီးတွေ ချနေပါလေ၏။ ခဏေနတော့ သူ့ထံမှ မေးခွန်းထွက်လာပါ၏။
“မင်းတို့ပြောပုံအရဆိုရင် စစ်တပ်ကနေပြီး ‘ယောက်ျားကောင်း ယောက်ျားမြတ်’ တွေ မွေးထုတ်ပေးတာ မရှိတော့ဘူးပေါ့”
“ရှိတော့ရှိပါတယ်ဟ . . . မအလနဲ့အဖွဲ့ရဲ့ အာဏာသိမ်းမှုကို လုံးဝလက်မခံဘဲ ပြည်သူ့ရင်ခွင်ထဲ ဝင်ရောက်လာတဲ့ ‘CDM စစ်သားတွေ’ ဟာ ‘ယောက်ျားကောင်း ယောက်ျားမြတ်တွေ’ ပေါ့ဟ”
“အဲ . . .”
“ပြီးတော့ ရင်ဆိုင်မတိုက်တော့ဘဲ ‘အလံဖြူ’ ထောင် လက်နက်တွေအပ်ပြီး တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းလာကြသူေတွဟာ ‘ယောက်ျားကောင်း ယောက်ျားမြတ်တွေ’ ပေါ့ကွ”
“အမ် . . .”
“ပြီးတော့ နိုင်ငံ့နေရာဒေသအနှံ့မှာ ပြည်သူလူထုကို ကာကွယ်ပေးနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ အသီးသီးက စစ်သည်တော်တွေဟာ ‘ယောက်ျားကောင်း ယောက်ျားမြတ်တွေ’ ပေါ့ဟ”
“ဟေ . . . . .”
အဘစိမ်းမောင့်ထံမှ သက်ပြင်းချသံအစား ‘အာမေဋိတ်’ သံတွေချည်း ဆက်တိုက် ကြားကြရပါလေတော့၏။ ဘာမေးခွန်းမှ ထပ်ထွက်မလာတော့ပါ။
“ကမ္ဘာ့နိုင်ငံအသီးသီးက ဉာဏ်ရည်မြင့်တဲ့ စစ်ခေါင်းဆောင်တွေဟာ အရပ်သားအစိုးရရဲ့ အောက်မှာပဲ အေးအေးသက်သာ သူ့ဂုဏ်သိက္ခာနဲ့သူ သူ့တာဝန်ကိုသူ ပျော်ပျော်ရွှင်ရွှင် ထမ်းဆောင်နေကြတာ”
“အခုလို ၂၁ ရာစုခေတ်ကာလကြီးမှာ ဉာဏ်ရည်နိမ့်တဲ့ စစ်ခေါင်းဆောင်တွေ ဉာဏ်ရည်မမီတဲ့ စစ်ခေါင်းဆောင်တွေသာ အာဏာသိမ်းတဲ့အလုပ်ကို လုပ်ကြတော့တာ”
“အဲ . . .”
“ဉာဏ်ရည်နိမ့်တဲ့ စစ်ခေါင်းဆောင် စစ်သားကောင်းမပီသတဲ့ စစ်ခေါင်းဆောင်တွေဟာ ယောက်ျားကောင်းလည်း မဟုတ်သလို ယောက်ျားပီသသူလည်း မဟုတ်ဘူးပေါ့ကွာ”
“. . . . .”
“အခုလည်း မင်းတို့အဘ မအလကို ကြည့်ပါလား၊ ယောက်ျားအလုပ်ကိုမလုပ်ဘဲ ဗေဒင်ပြေးမေးလိုက်၊ ယတြာပြေးခြေလိုက်၊ အဆောင်လက်ဖွဲ့တွေ လိုက်ရှာလိုက်နဲ့ တဖြည်းဖြည်းနဲ့ ‘နတ်ကတော်ကြီး’ နဲ့ တူလာပြီ”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
စကားဝိုင်းကား နိဂုံးချုပ်တော့မည် ဖြစ်၏။ အဘစောမူးသာက ကျွန်ုပ်တို့ကို ဝေ့ကြည့်ပြီး ပြုံးပြကာ ရေနွေးကြမ်းတခွက်ကို ကြိုက်ချလိုက်ပါ၏။ ပြီးသည့်အခါမတော့ သူ့နှုတ်မှ ထွက်ကျလာသည့် သီချင်းသံတပိုဒ်ကို ဤသို့ ကြားကြရပါပေတော့၏ ခင်ဗျား။
“ရွာခံများကြောင့် ချောက်ချားပြန်
ယောက်ပြား ကြောက်ဖျား သာဝ
ထွက် ပြေး ကြံ . . .
နောက်တခါ နှံပြန်ချည်သေးရဲ့
ဟေ . . . ဟေ . . . ဝါး . . .”
ဖေကြီး(လေရှီး)