Home
မြန်မာသတင်း
ဘီးလင်း မစောတံတားမိုင်းခွဲခံရပြီး အရပ်သား ၁ ဦးသေဆုံး၊ ကျိုက်ထိုတွင် ရာအိမ်မှူး ၁ ဦး ပစ်သတ်ခံရ
DVB
·
May 23, 2024
mine 5
mine 4
mine 3
mine 2
mine 1

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာရှိတဲ့ မစောတံတားကို ဒီနေ့ မနက် အစောပိုင်းမှာ မိုင်းခွဲခဲ့တာကြောင့် တံတားတစင်းလုံး ကျိုးကျပြီး အရပ်သား တယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေ ၂၃ ရက် မနက် ၅ နာရီကျော်မှာ တောင်ကလေးကျေးရွာအကျော် ‌မစောတံတား မိုင်းခွဲခံရတာ ကြောင့် တံတားပေါ် ဖြတ်သန်းသွားလာနေတဲ့ ဆိုင်ကယ် ‌၃ စီး ပြုတ်ကျခဲ့ပြီး ဆိုင်ကယ် တက္ကဆီသမား အမျိုးသား တဦနေရာမှာတင် သေဆုံးခဲ့သလို အမျိုးသား တဦးနဲ့ အမျိုးသမီး ၂ ဦး တို့ ဒဏ်ရာရခဲ့တာပါ။

တောင်ကလေးဒေသခံတဦးက "မနက်အစောကြီး ၆ နာရီလောက်မှာ မိုင်းခွဲခံရတာ။ အဲဒီအချိန် ဖြတ်သွားတဲ့ ဆိုင်ကယ် ၃ စီလုံး ပြုတ်ကျသွားတာ။ ဆိုင်ကယ်တက္ကဆီသမား ဦးလေးကြီးကတော့  သေသွားတယ်။ ဆိုင်ကယ် ၂ စီးနဲ့လာတဲ့ ကောင်မလေး ၂ ယောက်နဲ့ ကောင်လေး တယောက်က ဒဏ်ရာရတယ်။ ဆေးရုံခေါ်သွားတာဆိုတော့ ဒဏ်ရာစိုးရိမ်ရလား မစိုးရိမ်ရဘူးဆိုတာ သေချာ မသိသေးဘူး" လို့ ပြောပါတယ်။

သေဆုံးသူ ဒဏ်ရာရသူတွေကိုတော့  ဘီးလင်းနဲ့ သထုံမြို့နယ်ကလူမှုကူညီရေးအသင်းတွေက ဘီးလင်းပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပါတယ်။

မစောတံတား မိုင်းခွဲခံရတာနဲ့ပတ်သက်ပြီး KNU/KNLA နဲ့ သထုံခရိုင် PDF တာဝန်ခံကို မေးမြန်းထားပေမဲ့ ‌ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

မေ ၁၁ ရက်ကလည်း ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာမှာရှိ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ် က ကျုံအိတ်တံတာ မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး အဲဒီတံတားပြင်လို့ မပြီးသေးချိန် အခုလို နောက်ထပ် တံတားတစင်း မိုင်းခွဲခံခဲ့ရတာပါ။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကြံ့ခိုင်ရေးပါတီဝင် ရာအိမ်မှူးတဦး လက်ဖက်ရည်ဆိုင်မှာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့သလို အရပ်သားပြည်သူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျိုက်ထိုမြို့နယ် တောင်ပိုင်းရပ်ကွက် မြို့မရဲစခန်းနားရှိတဲ့ 7mark လက်ဖက်ရည်ဆိုင်မှာ မေ ၂၂ ရက် နေ့လယ် ၁ နာရီကျော်က လက်ဖက်ရည်သောက်နေတဲ့ ကြံ့ခိုင်ရေးပါတီဝင် ရာအိမ်မှူး ဦးအုန်းမြင့်ကို PDF တပ်ဖွဲ့ဝင် ၂ ဦးက သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့ပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ကြံ့ခိုင်ရေးပါတီဝင် ရာအိမ်မှူး‌ ဦးအုန်းမြင့် နေရာမှာပဲ သေဆုံးခဲ့ပြီး ဘေးဝိုင်းမှာထိုင်နေတဲ့ ကိုဇော်နဲ့‌ ကိုနေလင်းတို့ ၂ ဦး သေနတ်ထိမှန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

တောင်ပိုင်းရပ်ကွက်မှာ နေထိုင်သူတဦးက “ဆိုင်ကယ်နဲ့လာပြီး ရဲစခန်းနားက လက်ဖက်ရည်ဆိုင်ထဲ လာဝင်ပစ်သွားတာ။ အုန်းမြင့်ကတော့ နေရာမှာပဲ သေသွားပြီး သာမန် အရပ်သားပြည်သူ‌ ၂ ဦး ဒဏ်ရာရသွားတယ်။ လုပ်မယ်ဆိုလည်း သေချာ တိတိကျကျ လုပ်‌စေချင်တယ်။ အခုတော့ မဆိုင်တဲ့သူတွေပါ ထိတယ်။ အုန်းမြင့်က အာဏာမသိမ်းခင်ကတည်းက ရဲတွေနဲ့ပေါင်းပြီး အမှုဖြစ်တဲ့သူတွေဆီက ငွေတောင်းနေသလို ဆန္ဒပြပွဲတွေတုန်းကလည်း ကျိုက်ထိုမြို့မှာ ဖမ်းခံရတဲ့သူ အကုန်လုံး ပြစ်မှုကျူးလွန်ကြောင်း အစိုးရ‌သက်သေအဖြစ် လုပ်ပေးခဲ့တယ်” လို့ ပြောပါတယ်။

ကြံခိုင်ရေးပါတီဝင် ရာအိမ်မှူး ဦးအုန်းမြင့်ဟာ လက်ရှိမှာ ရဲသတင်းပေးအဖြစ် လုပ်ကိုင်နေပြီး ရပ်ကွက်အတွင်း လူငယ်တွေရဲ့ အခြေအနေတွေကို စောင့်ကြည့်ကာ စစ်မှုထမ်းဖို့ကိစ္စတွေ လုပ်ဆောင်နေတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီဝင် ရာအိမ်မှူး ဦးအုန်းမြင့်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့တာဖြစ်တယ်လို့ PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

သေဆုံးခဲ့တဲ့ ကြံ့ခိုင်ရေးပါတီဝင် ဦးအုန်းမြင့်နဲ့ ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသား ၂ ဦးတို့ကို လူမှုကူညီရေးအသင်းတခုက ကျိုက်ထိုပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပြီး ဒဏ်ရာရရှိသူ ၂ ဦးထဲက တဦးဟာ စိုးရိမ်ရတယ်လို့ မိသားစုဝင်‌တွေက ပြောပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းကာစမှာလည်း ကြံ့ခိုင်ရေးပါတီဝင် ရာအိမ်မှူး ဦးအုန်းမြင့်ရဲ့နေအိမ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ၂ ကြိမ်ထက်မနည်း ဗုံးပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013